ဘဂ္ဂဒက် အောက်တိုဘာ ၂၈
အစ္စရေးက အီရန်နိုင်ငံအား လေကြောင်းတိုက်ခိုက်ရာတွင် အီရတ်နိုင်ငံ၏ လေပိုင်နက်အား သုံးစွဲခဲ့ခြင်းအတွက် အီရတ်နိုင်ငံကကန့်ကွက်စာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်သွင်းခဲ့ကြောင်း အီရတ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဗာဆန်အယ်လ်အဝါဒီက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။
အီရတ်နိုင်ငံအနေဖြင့် မိမိ၏ အိမ်နီးချင်းနိုင်ငံများအား တိုက်ခိုက်ရန်အတွက် မိမိနိုင်ငံ၏လေပိုင် နက်နှင့် မြေပြင်ပိုင်နက်ကို အသုံးပြုခွင့်မပေးနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။
အီရတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တစ်ဆင့် အဖြေရှာခြင်းကို ထောက်ခံအားပေးကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။ အီရန် နိုင်ငံရှိ ဒေသအများအပြားကို လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် မကြာသေးမီလများအတွင်းက အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခြင်း ဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - စိုးသူရ