ဗီယင်ကျန်း အောက်တိုဘာ ၂၈
လာအိုအစိုးရသည် စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း အခြေခံလိုအပ်ချက်များ အတွက် အသုံးစရိတ်ကာမိစေရန် အစိုးရဝန်ထမ်းများအား အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။
အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် အစိုးရ၏ လစဉ်အစည်းအဝေးတွင် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ အကြီးတန်းအရာရှိများ၊ ပြည်နယ်ခေါင်းဆောင်များသည် အစိုးရ ဝန်ထမ်းများအတွက် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ခြင်း၊ လာမည့်နှစ်တွင် အစိုးရဌာနအသီးသီး အတွက် ဝန်ထမ်းခွဲတမ်းများ ချိန်ညှိခြင်းတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အစိုးရဝန်ထမ်းများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် လစာငွေပေးချေမှု၊ မူဝါဒပြင်ဆင် မွမ်းမံခြင်းနှင့်စပ်လျဉ်းသော လာအိုပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုပြုချက်တစ်ရပ်ကို တက်ရောက် လာသူများက အတည်ပြုခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် လာအိုသတင်းဌာနက အစီရင်ခံဖော်ပြထားသည်။
အစိုးရ၏ လုပ်ငန်းများကို ထိထိရောက်ရောက်နှင့် အကျိုးရှိရှိ ဆက်လက်လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် လုံလောက်သော အရာရှိများခန့်ထားနိုင်ရေးနှင့် ပတ်သက်ပြီးလည်း အဆိုပါ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။
ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရသည် အစိုးရလုပ်ငန်းစီမံချက်အရ သဘောတူထားသော အစီအမံများအပြင် ပါတီ၏ လမ်းညွှန်ချက်များကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
လာအိုစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ လာအိုနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ဩဂုတ်လတွင် ၂၄ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ စက်တင်ဘာလတွင် ၂၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရသည်။
ဆင်ဟွာ