ရန်ကုန် အောက်တိုဘာ ၂၉
လာမည့် ခရီးသွားရာသီတွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။
“ပုဂံကို ပြည်ပခရီးသွား ၁၀၀၀၀ နီးပါး ၂၀၂၃ ခုနှစ်မှာ စက်တင်ဘာလအထိ ဝင်ရောက်ခဲ့တယ်။ ကာလတူ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ၁၀၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ပွဲတော် ကာလမှာလည်း ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်မှုများခဲ့တယ်။ ဒါကြောင့် လာမယ့်ခရီးသွားကာလမှာ ပုဂံယဉ်ကျေးမှုနယ်မြေကို ပြည်ပခရီးသွား ပိုမိုဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပုဂံဒေသဟာ ပြည်တွင်းခရီးသွားသာမက ပြည်ပခရီးသွားတွေ နှစ်ခြိုက်တဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒေသမို့ လာရောက်လည်ပတ်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာတွင် ထင်ရှားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသော နေရာတစ်ခုဖြစ်သည့်အတွက် နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိပြီး ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ရေရည်တည်တံ့ရေးအတွက် ရှေးဟောင်းရေကန်များနှင့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ခရီးသွားအေဂျင်စီများသည် ပုဂံခရီးစဉ်အတွက် ပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးရာတွင် ပုပ္ပားတောင်နှင့် ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်တို့ကိုပါ တစ်ဆက်တည်း ဝင်ရောက်လည်ပတ်သော ခရီးစဉ်ဒေသများအဖြစ် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် ပုဂံနှင့်ပုပ္ပားသို့ ခရီးသွားဝင်ရောက်မှုများပြားခဲ့ပြီး လာမည့် တန်ဆောင်တိုင်ပွဲတော် ကာလ၌လည်း ခရီးသွားဝင်ရောက်မှု များပြားနိုင်သည့်အတွက် ဒေသရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းများသည် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“သီတင်းကျွတ်ပွဲတော်ကာလ ပိတ်ရက်တွေမှာ ဟိုတယ်အခန်းအားလုံး ပြည့်သည်အထိ ခရီးသွားများခဲ့ပါတယ်။ လာမယ့် တန်ဆောင်တိုင်ပွဲတော်ကာလ ပိတ်ရက်အတွက် အခန်းကြိုတင်စာရင်းပေးတာလည်း ပြည့်နေပါပြီ။ ကျွန်တော်တို့ဆီမှာ ပြည့်နေတဲ့အတွက် တခြားဟိုတယ်တွေကို လွှဲပြောင်းပေးရတာ ရှိပါတယ်။ ကျွန်တော်တို့ ဒေသဟာ ခရီးသွားအကြိုက် ဒေသတစ်ခုဖြစ်တဲ့အတွက် ခရီးသွားအားလုံးကို ဝန်ဆောင်မှုကောင်းတွေနဲ့ စောင့်ကြိုနေပါတယ်” ဟု ပုဂံဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ- ကနူး


