နေပြည်တော် အောက်တိုဘာ ၂၉

 

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ မြို့နယ် (၃) မြို့နယ်အတွင်းမှ ကျေးရွာ (၄) ရွာရှိ ရေဘေးသင့် နေအိမ်များအနက် အလုံးစုံ ပြန်လည်ပြင်ဆင်ရမည့် နေအိမ် (၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင် ခြင်း (၁၀) လုံး၊ စုစုပေါင်း (၄၄) လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေ ကျပ်သိန်း (၃၀ဝ၀)ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့ မွန်းလွဲပိုင်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးသွားသော ပဲကြော် ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ အသစ်တည်ဆောက်မှု၊ ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲ လည်ပတ်နေမှုနှင့် အခြားသော ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စာလေးခွေလုပ်ငန်းနှင့် ဆီစက်လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်‌ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

 

အဆိုပါလုပ်ငန်းများ အချိန်မီပြန်လည်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် တန်ဖိုးမြှင့် ကုန်ထုတ်သမဝါယမ အသင်းများ ဖွဲ့စည်းခဲ့ပြီး သမဝါယမဦးစီးဌာနက ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက်တွင် ငွေကျပ်သိန်း (၁၄၅၀) ကို သက်သာသော အတိုးနှုန်းဖြင့် ကူညီပံ့ပိုးပေးခဲ့ရာ ဒေသခံလုပ် သားများ မှီခိုအားထားနေသည့် ပဲကြော်ပဲလှော်ဖို (၄၆) ဖိုအနေဖြင့် ရာနှုန်းပြည့် ပြန်လည်လည် ပတ်နေပြီ ဖြစ်သည်။

 

ထို့နောက် ကျွန်းဦးကျေးရွာအတွင်း၌ ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသောနေအိမ်များ ပြန်လည်တည်ဆောက် ပေးနေမှု၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသောနေအိမ်များ ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပျဉ်းမနားမြို့နယ် ကွက်သစ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပြန်လည်တည်ဆောက်ပေးနေသော အလုံးစုံပျက်စီးသွားသည့် ဒေါ်စုလှိုင်နှင်း၏ နေအိမ်ကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီး၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးနေသည့် ဦးမဲ၏နေအိမ်ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန်၊ နေအိမ်အသစ်ပြန်လည် တည်ဆောက်ပေးရာတွင် မြေပိုင်ဆိုင်မှု ခိုင်မာမှုရှိစေရေး၊ ကျူးကျော်မြေများ၊ လယ်မြေ၊ ယာမြေများမဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)