နေပြည်တော်၊ အောက်တိုဘာ ၂၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက AZURA RESORT HOTEL ၌ ချောင်းသာ ညဈေးတန်းဖွင့်လှစ်ရန် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ခရီးသွားဧည့်သည်များ ဒေသထွက်အစားအစာများ၊ လွယ်ကူအဆင်ပြေစွာ စားသောက်၊ ဝယ်ယူနိုင်ရေးနှင့် အမှတ်တရပစ္စည်းများ ရောင်းချနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဟိုတယ်များ၌ ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်အသုံးပြုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုသိမ်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ချောင်းသာ ကမ်းခြေဒေသ ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြား၍ ပုသိမ်ရုံးခွဲ ရုံးသစ်အဆောက်အဦ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုသည်။
ယင်းနောက် ပုသိမ်မြို့ ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ဘုရားဖူး ခရီးသွား များအတွက် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


