နေပြည်တော် အောက်တိုဘာ ၂၉

 

 မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့(PERKESO) အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား မောင်ကျော်မြင့်ဦး (MD 372855) သည် မလေးရှားနိုင်ငံ၌  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် လုပ်ငန်းခွင် ထိခိုက်သေဆုံးခဲ့မှုအတွက် မလေးရှားနိုင်ငံ၊ အလုပ် သမားများ၏ လူမှုဖူလုံရေးအက် ဥပဒေ (Act - 4) အရ မှီခိုသူ အကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာ မိသားစုများနှင့်ချိတ်ဆက်၍ မလေးရှား နိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO)သို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့မှပေးအပ်သည့် မှီခိုသူ အကျိုးခံစားခွင့် ငွေကျပ် ၂၄,၉၉၃,၅၂၈  ကို  ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂  ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ပြည်ပ၌ တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေး အခွင့်အရေးများရရှိရေးအတွက် ဆောင်ရွက် လျက်ရှိရာ မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် လူမှုဖူလုံရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOC)ကို ၂၀၂၀ ပြည့်နှစ်က လက်မှတ် ရေးထိုးခဲ့ပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမားများ၏ လူမှု ဖူလုံရေးအကျိုးခံစားခွင့်များရရှိရန် မလေးရှားနိုင်ငံ၊ အလုပ်သမားများ၏ လူမှုဖူလုံရေး အက်ဥပဒေ (အက်-) အရ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် မလေးရှားနိုင်ငံ၊ လူမှုဖူ လုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား(၃၂)ဦး၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုး ခံစားခွင့်များအား မှီခိုသူမိသားစုဝင်များမှ ရရှိခံစားလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)