မန္တလေး   အောက်တိုဘာ ၂၉

 

တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)နှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် ()ကြိမ်မြောက် အာယုဗေဒနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Abhay Thakur မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေး နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဆေးနှင့်ဆေးဘက် နှီးနွယ်တက္ကသိုလ်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အာယုဗေဒ ဆေးပညာရပ်သည် လွန်ခဲ့သည့် နှစ်ပေါင်းငါးထောင်ခန့်မှ စတင်၍ ကျင့်သုံးခဲ့သော ရိုးရာ တိုင်းရင်းဆေးဆိုင်ရာပညာရပ်တစ်ခုဖြစ်ကာ စိတ်နှလုံးနှင့် ခန္ဓာကိုယ် ကျန်းမာရေး သမမျှတအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

 

 မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ရှေးယခင်ကတည်းက ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့ပြီး ကျန်းမာ ရေးစောင့်ရှောက်မှု၊ သုတေသန လုပ်ငန်းများဆောင်ရွက်မှုနှင့် ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယခုနှစ် အာယုဗေဒနေ့အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သည့်Ayurvedic Innovation for Global Health” သည် အာယုဗေဒပညာရပ်၏ ကျန်းမာရေးကဏ္ဍတွင် အရေးပါမှုအား မီးမောင်း ထိုးပြလျက်ရှိပြီး အာယုဗေဒပညာရပ်၏ အခြေခံနိယာမများဖြစ်သည့် အစားအသောက် ဂရုစိုက်ခြင်း၊ ရေဓါတ်လုံလောက်စွာ ရရှိရန်ဂရုပြုခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင်နေထိုင်ခြင်းအစရှိသည့် မိမိကျန်းမာရေးအား အလုံးစုံခြုံငုံ အလေးထားခြင်းကို တစ်ကမ္ဘာလုံး သတိပြုမိစေရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် အာယုဗေဒဆေးဝါး ပညာရပ်နှင့် ပတ်သက်၍ Shangi Cooperation organization နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများနှင့်လည်း အသိပညာများမျှဝေ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  နှစ်နိုင်ငံအကြား အာယုဗေဒ ပညာရပ် သင်ကြားရေးနှင့် သုတေသနနယ်ပယ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ် (သင်ကြား ရေး) ဦးဌေးလွင်က Myanmar and Ayurvedic Medicine နှင့်ပတ်သက်၍ လည်းကောင်း၊ ရန်ကုန်မြို့ Swami Vivekonon da Cultural Centrer မှ Director  Mr.Ashish Kumar က Evolution of Ayurveda and Importance of Ayurveda in day-to-day life နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)