နေပြည်တော် အောက်တိုဘာ ၃၀

 

(၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ‌ ရှေ့နေချုပ်များ ညီလာခံကို ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် စင်္ကာပူနိုင်ငံ၌ အောက်တိုဘာ ၂ရက်မှ ၃၀ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါညီလာခံသို့ စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E Mr. Lucien Wong ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

 

(၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ‌ ရှေ့နေချုပ်များ ညီလာခံတွင် စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E Mr. Lucien Wong နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr. Ying Yong တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုကြောင်း၊ ညီလာခံဆောင်ပုဒ်မှာ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း“Fostering Cooperation on Combating Financial Crimes” ဖြစ်သည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြားသာမက အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာလာစေရန် ရည်ရွယ်သည်ဟု ယုံကြည်ပါကြောင်း။

 

ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တားဆီးရန် မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနည်း ဥပဒေတို့ကို ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်၌ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU)ကို ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ အကူအညီဖြင့် ရေးဆွဲခဲ့သော ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေတို့ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်မှုများနှင့်အညီ ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဥပဒေကြောင့် နိုင်ငံခြားတိုင်းပြည်များမှ MLA တောင်းဆိုချက်များကို မြန်မာနိုင်ငံ အာဏာပိုင်များထံ တိကျသောနည်းလမ်းဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် တယ်လီကွန်း လိမ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အထူးအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း

 

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့အကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူ ချောမွေ့စေပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် အာဆီယံတရားခံ လွှဲပြောင်းရေးစာချုပ်(AET)နှင့် အာဆီယံ ရာဇဝတ်မှု တရားစီရင်ရေးနှင့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံ (ACCPCJ) တို့ကဲ့သို့သော ASLOM ၏ ပဏာမ ခြေလှမ်းများကို အကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်

           

ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက (၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံ ပူးတွဲကြေညာချက် (JOINT DECLARATION OF THE 14TH CHINA-ASEAN PROSECUTORS-GENERAL CONFERENCE)ကို လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါ (၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေနိုင်ခြင်း၊ တရုတ်နိုင်ငံနှင့်လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်