နေပြည်တော် အောက်တိုဘာ ၃၀
သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား ဌေးအောင်ကျော် အချိန်မီ ဆေးကုသခွင့်မရရှိ၍ သေဆုံးသည်ဟု Khit Thit Media အမည်ခံ Facebook Page တွင် အောက်တိုဘာ ၁၄ ရက်က စွပ်စွဲရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အား စိစစ်ရာတွင် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိပြီး အကျဉ်းသားဌေးအောင်ကျော်သည် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် စည်းကမ်းဖောက်ဖျက်၍ သာယာဝတီဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် အကျဉ်းသားဖြစ်ကာ ပြင်ပ၌ နေထိုင်စဉ်ကတည်းက ခုခံအားကျဆင်းမှုရောဂါ (HIV) နှင့် အထွေထွေအားနည်းခြင်းရောဂါ ခံစားနေရသူဖြစ်ကြောင်း၊ အကျဉ်းသား ဌေးအောင်ကျော်သည် ဧပြီ ၂၀ ရက်မှ စတင်၍ ချောင်းအဆက်မပြတ်ဆိုးသည့် ရောဂါခံစားနေရသဖြင့် အကျဉ်းထောင်ဆေးရုံအုပ်မှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ အကျဉ်းထောင်ဆေးရုံ၌ ၁၇ရက်ကြာ ဆေးဝါးကုသပေးခဲ့ကြောင်း။
အကျဉ်းသား ဌေးအောင်ကျော်အား သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မေ ၇ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ဇူလိုင် ၃၀ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိလည်းကောင်း သုံးကြိမ်ပို့ဆောင်ကာ ဆေးဝါးကုသပေးခဲ့ပြီး အောက်တိုဘာ ၁၃ ရက် ၆ နာရီ ၄၅ မိနစ်တွင် ခုခံအားကျဆင်းမှုရောဂါ (HIV) ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုကို အကျဉ်းထောင်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများက အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ (SOP) နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်ပဆေးရုံကြီးသို့ တင်ပို့ကုသရမည့် မည်သည့် အကျဉ်းသား/အကျဉ်းသူကိုမဆို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အကျဉ်းထောင် ဆေးရုံ၊ ဆေးပေးခန်းများ၌ ကုသမှုပေးပြီး ပြည်သူ့ဆေးရုံသို့ တင်ပို့လွှဲပြောင်းကုသရန် လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပို့ဆောင် ကုသပေးကြောင်း၊ ကျန်းမာရေးစောင်ရောက်မှ အထောက်အထား မှတ်တမ်းများလည်း ထားရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။
အေးမိုး


