နေပြည်တော် အောက်တိုဘာ  ၃၁

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၇) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာ ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က အစဉ်တိုးတက် ပြောင်းလဲနေသည့် ပညာခေတ်တွင် ကျောင်းသားများ၏ ပညာရည် မြင့်မားရေးနှင့် နိုင်ငံ wတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ခေတ်မီ အတတ်ပညာများ၊ နည်းပညာများကို လေ့လာဆည်းပူးနေရမည်ဖြစ်ပြီး  ဆန်းသစ်သည့် အယူအဆ၊ အတွေးအခေါ်များဖြင့် အရည်အသွေးတိုးတက်အောင် ကြိုးစားကြရန်လိုကြောင်း၊ တပည့်များကို ပညာတတ် မြောက်ရန်သာမက အသိအမြင်၊ ဗဟုသုတများရှိအောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား (၇၃)ဦး၊ သင်တန်းသူ (၂၈၄)ဦး စုစုပေါင်း (၃၅၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တ(၅)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)