နေပြည်တော် အောက်တိုဘာ ၃၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပျဉ်းမနား မြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ ကွင်းအမှတ် ၁၇၂၁ ၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါး စိုက်ဧကများအတွက် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက် ဧရိယာများတွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲနှင့် နေကြာမျိုးစေ့များကို တောင်သူများထံ ထောက်ပံ့ ပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ အဆိုပါကွင်းအတွင်း သီးနှံများ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် ထယ်ရေး ထွန်ယက်နေမှုနှင့် မြေပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၊ အားကစားရုံ၌ စခန်းသွင်းလေ့ကျင့်နေသော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဖြည့်စွက်အားဖြည့်စာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၌ ပိုင်ရှင် ဦးသောင်းကြည်၏ ခြံစနစ်ဖြင့် မွေးမြူထားသော နွားမွေးမြူရေးလုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လယ်ဝေးမြို့နယ် သီရီမင်္ဂလာခန်းမ၌ ကျင်းပသည့် လယ်ဝေးမြို့နယ်၏ ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်  ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး မှာကြား၍ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊  ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည့်  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာတွင် လမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင် ရွက်ပြီးစီးမှုနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)