နေပြည်တော် အောက်တိုဘာ ၃၁
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခု အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးဌာနများက တင်ပြလာသည့် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း အမှာစာများကို အတည်ပြုဆွေးနွေးကြမည်ဖြစ်ကြောင်း၊ စက်ပစ္စစည်းကြီးကြပ်မှု ကော်မတီသို့တင်ပြသည့် အမှာစာများတွင် စက်မှုစတုတ္ထမျိုးဆက်ဖြစ်သည့် ကွန်ပျုတာနှင့် ဆက်စပ်ပစ္စည်း များ၊ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ပါဝင်လာသဖြင့် နိုင်ငံတော်အတွက် အကျိုးရှိ ထိရောက်စေရန် စိစစ်စစ်ဆေးနိုင်ရေးအတွက် ကော်မတီဝင်များပါ လုပ်ထုံးလုပ်နည်းရေးဆွဲရာတွင် ပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကော်မတီအနေဖြင့် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်သည့် စီမံကိန်း များအား အကျိုးရှိထိရောက်စေရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပစ္စည်းများ ဝယ်ယူအသုံး ပြုလျှင် နည်းပညာများရရှိရေးအတွက်ပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ကောင်းမွန် သည့် အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနများက တင်ပြသည့် အမှုတွဲ(၄)စောင်ကို သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


