နေပြည်တော် အောက်တိုဘာ ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)ဥက္ကဋ္ဌ ဦးရန်ဝင်း နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွဲ့ချုပ်ဖွဲ့စည်းမှု၊ အသင်းအဖွဲ့ မှတ်ပုံတင်ရရှိမှု၊ အဖွဲ့ချုပ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ ရေဘေးအကူအညီ ပေးရေးလုပ်ငန်းများကို နေပြည်တော်၊ တောင်ငူနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး နေပြည်တော်ရှိ ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်ပေးနေမှု၊ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ရေဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံတော် ၏ အစီအမံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(Environmental Conservation) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး (Disaster Risk Reduction) ဆိုင်ရာ အသိအမြင်များကို မျိုးဆက်သစ်များအနေဖြင့် ငယ်ရွယ်စဉ်ကပင် သိနားလည်ရန် လိုအပ်နေမှုနှင့် ခရီးသွားလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရာတွင်လည်း ယင်းအသိအမြင်များ တစ်ပါတည်း ပေါင်းစပ်ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


