နေပြည်တော် နိုဝင်ဘာ ၁

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျင်းပလျက်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကို ယမန်နေ့က နေပြည်တော်ရှိ အားကစားကွင်းများတွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ၊ ဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ၌ ပြုလုပ်ခဲ့သည့် ဖူဆယ် (အမျိုးသား) ဗိုလ်လုပွဲတွင် ပထမဆုရအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဖလားဆုတို့ကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးခန်းမ (၁) ၌ ပြုလုပ်ခဲ့သည့် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပထမဆုရအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဖလားဆုတို့ကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း (၁) ၌ ပြုလုပ်ခဲ့သည့် ဘောလုံး (အမျိုးသား) ဗိုလ်လုပွဲတွင် တံခွန်စိုက်ဆုဖလားကြီးကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ ဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများကလည်း ဆုရရှိခဲ့ကြသည့် အသင်းများကို ငွေသားဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင်ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်