နေပြည်တော် နိုဝင်ဘာ ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တာဝန်ပေးအပ်ထားသော လုပ်ငန်းများကို စီမံချက်ပါအတိုင်း အချိန်မီပြီးစီးစေရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီစေရေးနှင့် လက်ရာလက်သား ကောင်းမွန်စေရေး၊ နေထိုင်ရေးအခက်အခဲရှိသည့် ပြည်သူများ လက်ဝယ်သို့ အိမ်ခန်းများ အမြန်ချထားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်သီသီက အိမ်ရာစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားမှု၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအပ်နှံနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသူများကို သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ နိုင်ငံတော်မှ စနစ်တကျ တည်ဆောက်ပေးထားခြင်းဖြစ်ပြီး အိမ်ရာများတွင် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် အိမ်ခန်းနေရာများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၉ ယာဉ်ရပ်နားစခန်းတွင် Qingdao CRRC Sifang Rolling Co., Ltd မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station ကိုလည်းကောင်း၊ မိုင်တိုင်အမှတ် ၁၁၅ ယာဉ်ရပ်နားစခန်းတွင် Yar Zar Min Industry Co., Ltd ၊ Mandalar Min Trading & Transportation Co., Ltd နှင့် N.P.K Motors Co., Ltd တို့မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


