နေပြည်တော် နိုဝင်ဘာ ၅
(၃၃ ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် ယနေ့တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သည့်ဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် (၃၃ ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွင်း (အနောက်တောင်မုတ်သုံကာလ) မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် စိုက်ပျိုးရေးမိုးလေဝသအခြေအနေ သုံးသပ်ခြင်း၊ လာမည့်ဆောင်းရာသီကာလ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အစွန်းရောက် မိုးလေဝသဖြစ်စဉ်များနှင့် အနာဂတ်ရာသီဥတုပြောင်းလဲနိုင်မှု အလားအလာများကို တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်များ တင်ပြဆွေးနွေးခြင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတု၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အတွေ့အကြုံ သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြု၍ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


