နေပြည်တော် ၅ မတ်
ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၁)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ်(၁၇၁/၄) အရှေ့ဘက်တွင် မတ် ၂ ရက်က တရားမဝင်ကျွန်းခွဲသား (၁၂၀)ချောင်း (၂၂ ဒသမ ၆၅၇၈)တန်အား ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယင်းနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီး၊ ဆည်ဘောင်လမ်းပေါ် ရေနီကြိုးဝိုင်းအကွက် (၅၅)အတွင်း ယာဉ်အမှတ်၊ (MDY 9B/1087) NISSAN (အနက်ရောင်) (၁၀)ဘီးယာဉ်နှင့် ယာဉ်အမှတ် (NPW 5B/1780) NISSAN (၁၀)ဘီးယာဉ်တို့ပေါ်မှ တရားမဝင် သံသေ/ မအူခွဲသား (၈၃)ချောင်း (၁၆ ဒသမ ၅၀၆၈) တန်အား ပြစ်မှုကျူးလွန်သူ (၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်
