ထင်ပေါ်ဝင်း
ရန်ကုန်မြို့တော်တွင် လှူအသုံးအဆောင်ပစ္စည်းများဖြစ်သော အဝတ်အစား၊ အထည်အလိပ်၊ အိုးခွက်ပန်းကန်၊ စားသောက်ကုန် အစားအသောက်အစရှိသည်တို့ကို ရောင်းချလျက်ရှိသော လက်ကားဈေးကြီးများ၊ လက်လီဈေးများ၊ မြို့နယ်အလိုက် ဈေးများ၊ ရပ်ကွက်ဈေးများ၊ ပျံကျ ဈေး၊ လမ်းဘေးဈေးဟူ၍ ဈေးအမျိုးအစားပေါင်း မြောက်မြားစွာက နေရာစုံတွင် ရောင်းချ လျက်ရှိသည်။ မင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေးတို့သည် ရန်ကုန်မြို့၏ ဗဟိုအချက်အချာကျသော နေရာများတွင်တည်ရှိပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ဈေးဝယ်သူများနှင့် စည်ကားနေလေ့ရှိသည်။ ထို့အတူ ကြည့်မြင်တိုင် စံပြငါးဈေးနှင့် လှိုင်မြို့နယ်အတွင်းရှိ သီရိမင်္ဂလာ ဈေးသစ်တို့သည်လည်း မြို့တော် ရန်ကုန်အတွက် ငါးနှင့် ဟင်းသီးဟင်းရွက်တို့ကို ဖြည့်ဆည်းပေးလျက်ရှိသည်။
မြို့တော်အင်္ဂါရပ်နှင့်ညီ
ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဈေးများ ဌာနသည် ဈေးများအဆင့် မြှင့်တင်ခြင်း၊ အသစ်ပြန်လည် တည်ဆောက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ဥပဓိရုပ် ပျက်စီးကာ ဟောင်းနွမ်းစပြုနေသော ဈေးများကို အသစ်ပြန်လည် တည်ဆောက်ပေးခြင်း၊ မြို့တော်တစ်ခု၏ အင်္ဂါရပ်နှင့် မညီညွတ်သော ဈေးများကို အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ မင်္ဂလာဈေးကဲ့သို့ မီးလောင်ဆုံးရှုံးခဲ့သောဈေးကို နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးအဖြစ် တင်ဒါခေါ်ယူကာ တည်ဆောက်စေလျက်ရှိသည်။ ထို့အတူ ရန်ကုန်မြို့စွန် မြို့နယ်တစ်ခုဖြစ်သော ရွှေပြည်သာမြို့နယ်၌လည်း သံဒင်းဈေးနှင့် လှော်ကားနီလာဈေးတို့ကို အသစ် ပြန်လည် တည်ဆောက်ပေးလျက်ရှိသည်။
မင်္ဂလာဈေးကို ၂၀၁၈ ခုနှစ် မေလမှ စတင် ဆောက်လုပ်ခဲ့ပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။ အထပ်ပေါင်း ၁၇ ထပ်ပါဝင်မည့် အဆိုပါဈေးသစ်ကြီးကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် လျာထားဆောက်လုပ်နေသည်။ အသစ်ပြန်လည် တည်ဆောက်လျက်ရှိသော မင်္ဂလာဈေး သစ်ကြီးကို နိုင်ငံတကာအဆင့်မီ လက်ကားဈေးကြီးအဖြစ် ရည်ရွယ် ဆောက်လုပ်လျက်ရှိပြီး ဆေးနှင့် အခြားပစ္စည်းများ စနစ်တကျ သိုလှောင်နိုင်ရန် အပူချိန်ထိန်းညှိ ပေးသော ကုန်ပစ္စည်း သိုလှောင်ရုံငယ်များ၊ ဈေးအတွင်းရှိ ရောင်းကုန်များအား စနစ်တကျ ဖြန့်ဖြူးနိုင်မည့် အစီအမံများကို ထည့်သွင်းတည်ဆောက်လျက် ရှိသည်။ ယင်းဈေးသစ်ကြီးတွင် ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ၊ သိုလှောင်ရုံငယ်များအပြင် စားသောက်ဆိုင်များ၊ စူပါမားကတ်များပါ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ယာဉ်အစီးရေ ၈၀ဝ ခန့် ရပ်နားနိုင်မည့် ယာဉ်ရပ်နားရန်နေရာလည်း ပါဝင်မည်ဖြစ်သည်။
ရွှေပြည်သာမြို့နယ်မှ ဈေးများ
ရန်ကုန်မြို့လယ်ရှိ မင်္ဂလာဈေးကို နိုင်ငံတကာ အဆင့်မီဈေးသစ်ကြီးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဖွံ့ဖြိုးမှုနည်းပါးနေသည့် ရွှေပြည်သာ မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော ၂၀ ရပ်ကွက်အတွင်းရှိ သံဒင်းဈေးနှင့် တ ၁၅ ရပ်ကွက် အတွင်းရှိ လှော်ကားနီလာဈေးတို့ကိုလည်း မူလကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော ဈေးများအစား တစ်ထပ်ဈေးရုံ အသစ်များကို တည်ဆောက်ပေးလျက်ရှိသည်။ အဆိုပါဈေး နှစ်ဈေးတွင် ဈေးရုံလေးရုံစီ တည်ဆောက်မည် ဖြစ်ရာ သံဒင်းဈေးတွင် ၂၀၁၇ ခုနှစ်မှစ၍ ဈေးရုံ တစ်ရုံ၊ ၂၀၁၈ ခုနှစ်တွင် ဈေးရုံတစ်ရုံ တည်ဆောက် ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဈေးရုံ နှစ်ရုံ တည်ဆောက်လျက်ရှိသည်။ ဈေးရုံများတည်ဆောက်မှုကို မေလခန့်တွင် အပြီးတည်ဆောက်သွားမည်ဟု သိရသည်။ လှော်ကားနီလာဈေးတွင်လည်း ယခင်နှစ်က ဈေးရုံ တစ်ရုံတည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် ဈေးရုံသုံးရုံ တည်ဆောက်လျက်ရှိကာ မေလအတွင်းမှာပင် အပြီးသတ်နိုင်မည်ဟု သိရသည်။
ရန်ကုန်မြို့နေ လူထုအတွက် ယခင်က ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဈေးများ ဌာနအောက်ရှိ ဈေးများတွင်သာ ဝယ်ယူစားသုံးခဲ့ရသည်။ ယခုအခါ ဈေးဝယ်စင်တာကြီးများ၊ စူပါမားကတ်များ ပေါ်ပေါက်လာသည့်အတွက် ယင်းတို့တွင် ခြောက်သွေ့၍ သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးပြင်ဆင်ထားသည့် သား၊ ငါး၊ ဟင်းသီး ဟင်းရွက် အသီးအနှံတို့ကို ဝယ်ယူစားသုံးခွင့် ရရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ ဈေးများ ဌာနအောက် ဈေးများတွင် သန့်ရှင်းရေးနှင့် ခြောက်သွေ့ရေးကို အထူးအလေးပေး လုပ်ဆောင်ရန် လိုအပ်လာပြီ ဖြစ်သည်။ သား၊ ငါးရောင်းချသော ဈေးဆိုင်တန်းများတွင် သန့်ရှင်းစင်ကြယ်ခြင်းနှင့်အတူ ခြောက်သွေ့မှုသည် လိုအပ်ချက်တစ်ရပ်အဖြစ် ပေါ်ပေါက်လာပြီဖြစ်သည်။ ထို့ပြင် အအေးခန်း သိုလှောင်ရုံငယ်များ၊ အပူချိန်ထိန်းညှိထားသည့် သိုလှောင်ရုံငယ်များသည် အဆင့်အတန်းမီ ဈေးတစ်ဈေး ဖြစ်ရေးအတွက် သတ်မှတ် အရည်အသွေးများအဖြစ် လိုအပ်လာပြီဖြစ်သည်။
လူဦးရေနှင့်ယှဉ်တွဲကာ ဈေးများအဆင့်မြှင့်တင် ဆောင်ရွက်
ဈေးများအတွင်းရှိ လျှောက်လမ်းများသည် လူအများသွားလာမှု လွယ်ကူစေသင့်သည်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ ဈေးများ၌ အဝတ်အထည်နှင့် အထည်အလိပ် ရောင်းချသော ဈေးဆိုင်တန်းများသည် အလွယ်တကူ သွားလာ၍မရပေ။ ဈေးများအတွင်း သိုလှောင်ရုံငယ်များ မရှိခြင်းကြောင့် ဆိုင်ရှိပစ္စည်းများကို ဆိုင်နှင့် ဘေးပတ်လည်တွင် ချထားလေ့ရှိသည်။ ဤသည်တို့က ဈေးသွားဈေးလာတို့ကို အနှောင့်အယှက် ဖြစ်ရုံသာမက အရေးအကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့အတွက် သွားလာမှုကို နှောင့်နှေးစေသည်။ အန္တရာယ်တစ်စုံတစ်ခု ပေါ်ပေါက်လာပါကလည်း ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေသည်။ စားသောက်ဆိုင်များ၌လည်း လူအများအတွက် ကျန်းမာရေးကို အထူးအလေးပေးပြီး ကျယ်ဝန်းသောနေရာ ထိုင်ခင်းများပါ စီစဉ်ပေးရန်လိုအပ်သည်။ ထို့အတူ ဈေးကြီးများ၌ လေဝင် လေထွက်နှင့် အလင်းရောင် ကောင်းစွာရရှိစေရန် စီစဉ်ထားသင့်သည်။ မြို့နယ်အလိုက် နောင်တွင် တိုးပွားလာမည့် လူဦးရေနှင့်ယှဉ်တွဲကာ ဈေးများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်သင့်သည်။ ခေတ်ကာလအခြေ အနေပေါ်မူတည်၍ ကားရပ်နားရန်နေရာများပါ ထည့်သွင်းဆောက်လုပ်စေသင့်သည်။ ဈေးအိမ်သာများကို ကန်ထရိုက်စနစ်၊ တင်ဒါစနစ်ဖြင့် လုပ်ကိုင်စေရုံသာမက ယင်းတို့၏ နေ့စဉ်အနံ့အသက် သန့်ရှင်းမှုကို ဂရုပြုသင့်သည်။
လမ်းဘေးဈေးသည်များ ရှင်းလင်းကြရမည်
မြို့တော်ရန်ကုန်တွင် လမ်းဘေးဈေးသည်ကို နေရာတိုင်းလိုလိုတွင် တွေ့နေရမြဲ ဖြစ်သည်။ ကမ်းနားလမ်း ညဈေးဖော်ဆောင်ပေးသော်လည်း လမ်းဘေးဈေးသည်ကား ပျောက်၍ မသွားသေးပေ။ ယခုအခါ လမ်းဘေးဈေးသည်တို့မှာ ခေတ်မီ၍ တိုးတက်လာသည်ထင်။ မူလက လက်တွန်းလှည်းကလေးများဖြင့် ရောင်းချနေရာမှ ယခုအခါ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့်ပါ ရွေ့လျားရောင်းချလာသည်။ ဥပဒေဖြင့် လက်တစ်လုံးခြား ရောင်းချနေသည့်အတွက် စည်ပင်ဝန်ထမ်းတို့မှာ စောင့်ရုံသာစောင့်ကြည့်နိုင်သည်။ အရေးယူ၍မရ ဖြစ်နေသည်။ ထို့ကြောင့်ပင် မြို့တော်ရန်ကုန်တွင် လူအများသွားလာရေး လွယ်ကူစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်နိုင်စေရန် လမ်းဘေးဈေးသည်များကို မရှင်းမဖြစ် ရှင်းလင်းကြရမည်သာ ဖြစ်သည်။ ကမ်းနားလမ်း ညဈေးကို ပိုမိုတိုးတက်ကောင်းမွန်စွာ ချဲ့ထွင်သင့်သည်။ ရန်ကုန်မြို့တော် အနှံ့ရှိ လမ်းဘေးဈေးသည်များကို ကမ်းနားလမ်းညဈေးသို့ မရောက်ရောက်အောင် ပို့ဆောင်သင့်သည်။ ရန်ကုန်အနှံ့ ပြည်သူများ ညလယ်စာ စားသောက်နိုင်ရေးအတွက် ကမ်းနားလမ်း ညဈေးသို့ ညသန်းခေါင်ယံအထိ ပြေးဆွဲနိုင်မည့် ယာဉ်လိုင်းများ တိုးချဲ့၍သော် လည်းကောင်း၊ သီးသန့်ယာဉ်လိုင်းများ ဖွင့်လှစ်၍ သော်လည်းကောင်း ဆောင်ရွက်သင့်သည်။
ရန်ကုန်မြို့ ဈေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်ဆေးရေးအရာရှိ ထားရှိဆောင်ရွက်သင့်သည်။ ဈေးများသာမက ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးလုပ်ငန်း အရပ်ရပ်ကို စစ်ဆေးရေး အရာရှိများ ထားရှိသင့်သည်။ ပြည်ထောင်စုအစိုးရမှ လုပ်ကိုင်ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းဒေသကြီးအစိုးရမှ လုပ်ကိုင်လျက်ရှိသော ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ကိုယ်ကျင့်တရားကောင်းမွန်သော စစ်ဆေးရေးအရာရှိများ ထားရှိဆောင်ရွက်ပါက ရန်ကုန်မြို့ပြ၏ ဖွံ့ဖြိုးမှုသည် အားအင်အပြည့် အရှိန်အဟုန် ကောင်းစွာဖြင့် လုပ်ငန်းများ လည်ပတ်လာမည် ဖြစ်ပေသည်။
မြန်မာ့အလင်း