မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး တွင်းထွက်သယံဇာတများနှင့် သဘာဝအရင်းအမြစ်များ ပေါများ ကြွယ်ဝသောနိုင်ငံဖြစ်သည်။ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံရာနေရာ၌  အချက်အချာ ကျကျ တည်ရှိသောကြောင့် မဟာဗျူဟာကျပြီး လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ဗဟိုချက်မနေရာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် လူဦးရေထူထပ်များပြားသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ရှိသည်။ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်သည်။

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်နိုင်ငံကြား နက်ရှိုင်းသော ဆက်ဆံရေးကောင်းများရှိသည့် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ပြီး ခွဲခြားမရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားသည်။ နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သော တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုသည် မကြာမီကာလတွင် စိန်ရတုမှတ်တိုင်သို့ပင် ရောက်ရှိလာတော့မည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် တရုတ်-မြန်မာနှစ်နိုင်ငံ ခေါင်းဆောင်များအကြား၊ နှစ်နိုင်ငံပြည်သူများအကြား၊ စီးပွားရေး လုပ်ငန်းများအကြား၊ အစိုးရဌာနအဖွဲ့အစည်းများအကြား ကောင်းမွန်သည့်ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ပြီး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မြဲလာသည်ကို တွေ့ရသည်။

 

အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ကုန်သွယ်မှုနှင့်    ရင်းနှီးမြှုပ်နှံရေး ဆက်နွှယ်မှုများမှာလည်း ရှိရင်းစွဲတိုးတက်ခိုင်မြဲမှုများရှိခဲ့သည့်အပြင် ယနေ့ကာလတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက် သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ် မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများမှ မြန်မာနိုင်ငံက သွားလိုသည့်အနာဂတ်ကို လျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ကို ရရှိလာမည်ဖြစ်သည်။

 

အဆိုပါထိပ်သီးအစည်းအဝေးများသည် မြန်မာ - တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖော်ဆောင်နိုင်မည့်အပြင် မဟာမဲခေါင်ဒေသခွဲမှ မိတ်ဆွေနိုင်ငံများ ဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့်ပါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဖော်ဆောင် လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံရှိသည့်အနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ ကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုစီမံချက်အား မြန်မာဘက်မှ အလေးထားဆောင်ရွက်လျက်ရှိသည်။ တရုတ် - မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့်တင်ရာတွင် နယ်စပ်ဒေသကုန်သွယ်ရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိသည်။

 

အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကြိုဆိုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်က “မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံ၏အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံရေးအရယုံကြည်မှုများ ပိုမိုတိုးတက်ခိုင်မြဲလာပြီဖြစ်ရာ နယ်ပယ်စုံ ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ