သျှင်ဝင်းသျှင်
ကျွန်တော်တို့ မြန်မာလူမျိုးဟာ အလွန်မှပဲ သနားစိတ်ရှိတတ်ကြပါတယ်။ သတ္တဝါများအပေါ်ဆို ပိုလို့ သနားစိတ်ဝင်တတ်ကြပါတယ်။
ဒီကနေ့ ရန်ကုန်မြို့မှာ ဒီသနားစိတ်ကြောင့် ခိုနဲ့ခွေးပြဿနာဟာ ပိုလို့ကြီးထွားလာနေပြီလို့ ပြောရင် တိရစ္ဆာန်ချစ်သူများက မှတ်ချက်တွေ အများကြီးပေးကြလိမ့်မယ်လို့ ထင်ပါတယ်။
တကယ်လည်း လက်တွေ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ရပ်၊ အန္တရာယ်တစ်ရပ်ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုစာမျက်နှာပေါ်မှာ တွေ့လိုက်ရပါတယ်။ ခြောက်နှစ်အရွယ် ကလေး တစ်ယောက် သေဆုံးသွားရတဲ့ အဖြစ်အပျက်လေး တစ်ခုပါ။ မရမ်းကုန်းမြို့နယ်အတွင်းကပါ။
ဆေးပညာအရ “ဦးနှောက်အမြှေးရောင်ရောဂါ” လို့ ဆိုပါတယ်။ မိဘတွေကလည်း စဉ်းစားတာပေါ့။ ကလေးက ရေချိုးနောက်ကျရာက အပြင်းဖျားပြီး ဆေးရုံတက်ရတယ်။ နောက် ရုတ်တရက်ဆိုသလို သေဆုံးသွားရတယ်လို့ ဆိုပါတယ်။
ဆရာဝန်ကြီးက မှတ်ချက်ပြု
မိဘတွေက ဆေးရုံက ဆရာဝန်ကြီးကို မေးကြည့်တော့ ကလေးနေတဲ့အိမ်မှာ ငှက်တွေများ မွေးထားသလားလို့ ဆိုပါတယ်။ မိဘတွေကလည်း မမွေးဘူးပေါ့။ ဒါပေမယ့် ကလေးမှာ ဘက်တီးရီးယားပိုးတွေ ကူးစက်ခံရပြီး အတွင်းကလီစာတွေအထိ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆရာဝန်ကြီးက မှတ်ချက်ပြုခဲ့တယ်။
မိဘတွေ ဇဝေဇဝါဖြစ်ပြီး စဉ်းစားမှုတွေ ပြုလိုက်တဲ့အခါ သူတို့နေတဲ့အခန်း လေးလွှာဝရန်တာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ အစုလိုက်အပြုံလိုက် အသိုက်အအုံ ဖွဲ့နေတာကို ပြန်စဉ်းစားလို့ ရခဲ့တယ်။
ဒါကြောင့် ကလေးက ခဏခဏ ခေါင်းကိုက်တယ်၊ ဗိုက်နာတယ်ပြောတာကို မယုံနိုင်ခဲ့ဘူး။ ကျောင်းမတက်ချင်လို့ မူယာမာယာများတယ်လို့ပဲ ထင်ခဲ့တယ်။ အသိနောက်ကျခဲ့ရတဲ့၊ ဝမ်းနည်းဆုံးရှုံးရတဲ့ အဖြစ်အပျက်လေးပါ။
အထက်ကဆိုခဲ့သလို ကျွန်တော်တို့ မြန်မာလူမျိုးဟာ အလွန်မှပဲ သနားတတ်ကြပါတယ်။ သတ္တဝါ တစ်ကောင်ကောင်ကို သနားလို့ပဲဖြစ်ဖြစ်၊ ရိုးရာအယူအဆ ယတြာချေလို့ပဲဖြစ်ဖြစ် အစာ ကျွေးလေ့ရှိတတ်ကြပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ပြမှာ ခိုစာကျွေးကြသူတွေ နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကုသိုလ်စိတ်နဲ့ဆိုရင်တော့ အားနည်းတဲ့သတ္တဝါ တွေဟာ ကိုယ်ကကျွေးမှ စားရတာမို့ အလွန်ကောင်းမြတ်တဲ့ ဒါနကုသိုလ်တစ်ခုပါပဲ။
သတိကြီးစွာနဲ့ နေထိုင်
ဒါပေမယ့် ဒီကနေ့ မျက်မှောက်ကာလဟာ ဆိုးကျိုးတွေ များပြားနေတဲ့ခေတ်ကြီးပါ။ အဲဒီက တန်ပြန်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ၊ ပျက်စီးမှုတွေ အကြားမှာ ကျွန်တော်တို့ လူသားတွေ သတိကြီးစွာနဲ့ နေထိုင်စားသောက်ရမယ့်အခြေအနေကို ရောက်ရှိလာပါပြီ။
ခိုမတွေက တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ဥ ဥလေ့ရှိကြပါတယ်။ ဥကနေ အကောင် ပေါက်ကြတာမို့ တစ်ကြိမ်ဥချရင် နှစ်လုံးကနေ သုံးလုံးအထိ ချတတ်ကြတယ်လို့ သိရပါတယ်။
ခိုနဲ့ပတ်သက်လို့ လက်တွေ့ဆိုးကျိုးတစ်ခုကို ကြည့်မြင်တိုင်မြို့နယ်က ဦးထွန်းဝင်းက “ခိုချေးတွေက အက်စစ်ဓာတ် ပါနိုင်တယ်။ မော်တော်ကားခေါင်မိုးနဲ့ ရှေ့အဖုံးပေါ်မှာကျနေတဲ့ ခိုချေးတွေကို နှစ်ပတ်လောက် မဆေးကြောဘဲထားမိရင် ဆေးတွေ အကွက်လိုက် အကွက်လိုက်ဖြစ်ပြီး ကျန်နေတတ်ပါတယ်” ဟု မျက်စိဖြင့် မြင်နိုင်တဲ့ ဆိုးကျိုးတစ်ခုကို လက်တွေ့ ပြခဲ့ဖူးပါတယ်။
နောက် တိုက်တာအဆောက်အအုံတွေ၊ သာသနိက အဆောက်အအုံတွေမှာ ဆိုရင်လည်း ခိုချေးတွေ အထပ်ထပ်ဖြင့် အကျည်းတန်မှုကို မြင်တွေ့နေရပါတယ်။
ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ခိုစာကျွေးတဲ့နေရာနဲ့နီးတဲ့ ကြိုးတန်းတွေမှာဆို ခိုအကောင်ရာနဲ့ရှိနေပြီး အစာကျွေးသူကို စောင့်မျှော်နေတတ်ကြပါတယ်။ အကောင်များတာနဲ့အမျှ ကြိုးတွေက အိကျတတ်ပါတယ်။ နောက် ပြတ်တောက်တဲ့အထိ အန္တရာယ်ရှိတတ်ပါတယ်” ဟု သူ့အမြင်ကို ပြောပြခဲ့သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဒေသန္တရ ဆရာဝန်ကြီးတစ်ဦးက “ခိုတွေ အစာကျွေးလို့ ထထပျံတဲ့အခါ အဲဒီက ဖုန်မှုန့်တွေ၊ ခိုမွေးနုတွေက လေထဲမှာ ပျံ့လွင့်နေတတ်ပါတယ်။ သာမန်အားဖြင့် မမြင်နိုင်ကြပါဘူး။ နောက် နှစ်ရှည်လများ ခိုချေးနံ့တွေ ရှူရှိုက်မိတဲ့အခါ ဦးနှောက်အမြှေးရောင် ရောဂါ၊ အစာအိမ် အူလမ်းကြောင်းရောဂါတွေ ဖြစ်ပွားတတ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ကလေးငယ်တွေအတွက် ကူးစက်လွယ်ပြီး အလွန်စိုးရိမ်ရတဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးပါ”ဟုလည်း ဆိုပါတယ်။
ခွေးမျိုးဆက်ပွားမှု ဟန့်တား
နောက်အန္တရာယ်တစ်ခုက အရပ်ထဲက လမ်းပေါ်က ခွေးလေ ခွေးလွင့်တွေ ကိစ္စပါပဲ။ အရင်ကဆို စည်ပင်က တာဝန်ရှိသူတွေက ညဉ့်နက်ပိုင်းမှာ အစာအဆိပ်လာချလေ့ရှိပါတယ်။ တစ်နှစ်ကို တစ်ခါလောက်ပေါ့။ အခုတော့ ဒီလို အစာချသုတ်သင်ခြင်းကို မတွေ့ရတော့ပါဘူး။ အဲဒီအစား ခွေးတွေ မျိုးဆက်မပွားနိုင်အောင် ဟန့်တားမှုအဖြစ် ဆေးထိုးခြင်းလုပ်ငန်းဖြင့် အစားထိုး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒါကလည်း အချို့ခွေးချစ်တတ်သူများရဲ့ ကန့်ကွက်မှုတွေကြောင့်လို့ ထင်ပါတယ်။ အချို့ ရပ်ကွက်တွေဆိုရင် စည်ပင်က ခွေးအစာအဆိပ် ချတော့မယ်လို့ ကြိုတင်သိရှိပြီး မိမိတို့ချစ်တဲ့ ခွေးကို သိမ်းဆည်းထားကြသလို အချို့ ခွေးအစာအဆိပ်ချတဲ့ စည်ပင်ကလူကို ပြဿနာရှာတတ်ကြပါတယ်။
ဘယ်သူမှ တာဝန်ယူလေ့မရှိ
ဒါကလည်း လက်တွေ့ပါပဲ။ စာရေးသူအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှာလည်း ပါဝင်တော့ စည်ပင်က တာဝန်ရှိသူတွေနဲ့အတူ လိုက်ပါခဲ့ရဖူးပါတယ်။ အဲဒီအခါ ခွေးမွေးသူတွေရဲ့ မကြားတကြား ပြစ်တင်မှုတွေ၊ ကျိန်ဆဲမှုတွေ ခံရတတ်ပါတယ်။ ဒါပေမယ့် အဲဒီခွေးက တစ်ယောက်ယောက်ကို ကိုက်သွားရင် ပိုင်ရှင်ရှာမရတတ်တော့ပါဘူး။ ဘယ်သူမှ တာဝန်ယူလေ့ မရှိကြတော့ပါဘူး။
ပြီးခဲ့တဲ့ သုံးလေးလလောက်က ထင်ပါတယ်။ နယ်တစ်ခုမှာ ခွေးတွေဝိုင်းကိုက်လို့ ကလေးငယ် တစ်ယောက် အဖြစ်ဆိုးရွားစွာနဲ့ သေဆုံးသွားခဲ့ရတဲ့သတင်းကိုတော့ ကြားမိ၊ ဖတ်မိကြမှာပါ။ နောက်ပဲခူးတိုင်းဒေသကြီး အုန်းနှဲကျေးရွာမှာ ခွေးရူးလို့ယူဆရတဲ့ ခွေးအကိုက်ခံရမှုကြောင့် တစ်ရက်တည်း ရွာသား ၁၀ ယောက်ကျော် ဆေးရုံတက်ရောက် ကုသမှုခံယူရတယ်ဆိုတဲ့ သတင်း၊ ဒါ့အပြင် မွန်ပြည်နယ် ပေါင်မြို့နယ် ကဒါရပ်ကွက်မှာ ခွေးရူးအကိုက်ခံရလို့ လူ ၁၅ ဦး ဆေးရုံတက်ရောက် ကုသမှုခံယူရတယ်ဆိုတဲ့ သတင်းတွေက ကြောက်စရာ ကောင်းလှပါတယ်။
ခွေးလေ ခွေးလွင့် ပိုမိုများပြားလာ
ဒီလို ခွေးလေ ခွေးလွင့်တွေ သုတ်သင်မှုမရှိ တဲ့နောက်ပိုင်း အရပ်တွေထဲမှာ ခွေးလေ ခွေးလွင့် က ဆပွားတိုးလာတာကို တွေ့နေရပါပြီ။ ပြီးခဲ့တဲ့ နှစ်ထက် ယခုနှစ် ပိုမိုများပြားလာပါတယ်။ အရပ်ထဲ ကိုက်တတ်တဲ့ခွေးတွေ ရှိတဲ့နေရာဆို မသွားရဲ မလာရဲတဲ့အထိ ဖြစ်လာကြပါပြီ။
စာရေးသူတို့ ရပ်ကွက်ထဲဆို ခွေးအကောင်ရေ ၁၀ဝ ကျော် ရှိနိုင်ပါတယ်။ အနီးဆုံးရပ်ကွက်နဲ့ မြို့နယ်တစ်ခုကို တွက်ပြပါ့မယ်။ ကြည့်မြင်တိုင် မြို့နယ်မှာ ၂၂ ရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှာ ၁၈ ရပ်ကွက်၊ အလုံမြို့နယ်မှာ ၁၁ ရပ်ကွက် အဲဒီ မြို့နယ်သုံးခုရဲ့ ၅၁ ရပ်ကွက်မှာပဲ တစ်ရပ်ကွက်ကို ပျမ်းမျှခွေးအကောင်ရေ ၁၀ဝ နှုန်းနဲ့ပဲ တွက်ပါဦး။ စုစုပေါင်း အကောင်ရေ ၅၀ဝ၀ ကျော်ရှိနေမှာပါ။ ယနေ့ ရွေးကောက်ခံစည်ပင် ၃၃ မြို့နယ်နဲ့ ပြန်တွက်ရင် အဆပေါင်းများစွာရှိနေပါပြီ။
သက်ဆိုင်ရာအနေနဲ့ စီမံချက်တစ်ခုခုဖြင့် ဆောင်ရွက်ပေးဖို့လိုပြီဟု ဆိုနေကြပါတယ်။ သက်ဆိုင်ရာ စည်ပင်ခွေးချစ်သူများ၊ ပရဟိတအဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်သင့်ပါပြီ။ ဗုဒ္ဓဘာသာဝင်များပီပီ “ပါဏာတိပါတာကံ” မထိုက်စေချင်ပါ။ မျိုးမပွားစေရေးအတွက် ဆေးထိုးခြင်းကို အဓိကထားဆောင်ရွက်ကြရန် တိုက်တွန်းချင်ပါတယ်။ ထို့အပြင် ယနေ့အချိန်ဟာ ပူပြင်းတဲ့နွေရာသီသို့ ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။ လက်ပံပွင့် များလည်း ပင်ထက်ဆီမှာ ရဲရဲနီအောင် ပွင့်နေကြပါပြီ။ လူကြီးသူမတွေက “လက်ပံပွင့်ချိန် ခွေးရူးချိန်” လို့ ရာသီနဲ့ယှဉ်ပြီး သတိပေးစကား ထားခဲ့သည်ကိုတော့ အသိတရားနဲ့ သတိထားနိုင်ကြစေဖို့ ရေးသားလိုက်ရပါတယ်။
မြန်မာ့အလင်း