မောင်မောင်ကျော်

လူ့ဘောင်လောကတွင် Soft Power နှင့် Hard Power  ဟူသော စွမ်းအားနှစ်ရပ်ရှိသည်။ ပျော့ပျောင်းသော အင်အားနှင့် မာကျောသော အင်အားဟုဆိုသည်။ လူ့သမိုင်း၊ လူ့အသိုက်အဝန်းတွင် ထိုအင်အားများကို လွန်စွာတန်ဖိုးထားကြပါသည်။ ထိုအင်အားနှစ်ရပ် အနက်မည်သည့်အင်အားသည် လောကတွင် အောင်မြင်နိုင်ခြေ ပိုများသနည်း။ အများ၏အဖြေတွင် Soft Power ဟူသည့် ပျော့ပျောင်းသော အင်အားဟု ဆိုကြပါလိမ့်မည်။

လူ၏သဘာဝ စကားအရာ၌ မာကျောခက်ထန်သော စကားထက် ပျော့ပျော့ပျောင်းပျောင်း စကားကိုသာ ပိုမိုနှစ်သက်ကြပါသည်။ နူးညံ့သိမ်မွေ့သော စကားအရာကို အမျိုးသားများမှာ ဆိုရေးခက်ပြီး အမျိုးသမီးများမှာ ဆိုရေးလွယ်ပါသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် နားဝင်ချိုသာသော အမျိုးသမီးများ၏ စကားအရာဖြင့် နယ်ပယ်ကဏ္ဍ အသီးသီးတွင် ထိုးဖောက်၍ အောင်မြင်မှု ယူလာကြသည်ကို တွေ့ရသည်။

ယနေ့စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးငယ်များ၏စွမ်းအားဖြင့် အောင်မြင်မှုကို ထိုးဖောက်ယူလာကြသည်။ အမှန်တကယ်လည်း အောင်မြင်မှုရှိသည်ကို တွေ့ရသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ဆွဲဆောင်မှု ပိုမိုအားကောင်းကြသည် မဟုတ်ပါလော။ စီးပွားရေးနယ်ပယ်တွင်သာမက လူမှုရေးနယ်ပယ်တွင်လည်း ထိုနည်းဖြင့် အောင်မြင်မှုကို ယူနိုင်ကြသည်။ သို့သော် နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးစွမ်းအားစုမှာ နည်းပါးနေသေးသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် နိုင်ငံရေးနယ်ပယ်တွင် လိုအပ်နေသော အောင်မြင်မှုကို အမျိုးသမီးစွမ်းအားဖြင့် ယူကြရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူဦးရေမှာ တစ်နေ့တခြား တိုးပွားနေပြီး အမျိုးသားဦးရေထက် အမျိုးသမီးဦးရေမှာ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေ များပြားလာမှုနှင့်အတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိအောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ဆောင်ရွက်လာကြသည်။

အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့သူများဖြစ်ကြသော်လည်း အမျိုးသားများ နှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်လာအောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားကြရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက်ဖြစ်အောင်လုပ်ကိုင်နိုင်ကြရမည်။ သို့မှသာ အမျိုးသမီးများ၏ စွမ်းရည်သည် ပိုမိုတိုးတက်မြင့်မားလာမည်။

ယခုအခါ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ကြိုးပမ်း စွမ်းဆောင်လာနိုင်ကြသည်ကို တွေ့ရသည်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်တို့တွင် အမျိုးသားများထက်ပင် တိုးတက်အောင် စွမ်းဆောင်နေကြသည်။ အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးကဏ္ဍတွင် ၅၀-၅၀ ရာခိုင်နှုန်း ပါဝင်နေသည်။ ပညာရေးနယ်ပယ်တွင် အမျိုးသမီးများသာ ရှေ့တန်းမှထဲထဲဝင်ဝင် လှုပ်ရှား ဆောင်ရွက်နေကြသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ လူဦးရေအချိုးအစားအရ အမျိုးသား ၄၉၊ အမျိုးသမီး ၅၁ အချိုးဖြင့် ပါဝင်နေသည်။

မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ကို အမျိုးသမီးများက ကိုယ်စားပြုထားသဖြင့် အမျိုးသမီးများသည် နိုင်ငံတော်၏ အရေးပါသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ် ပါဝင်နေသည်။ ထို့ကြောင့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို နိုင်ငံတော်က တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် တွန်းအားများပင်ဖြစ်သည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွင် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား စွမ်းပကားမြှင့်တင်ရေး ရည်မှန်းချက်ပြည့်မီအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အမျိုးသမီးများ ဘဝအတွက် လုံခြုံရေးနှင့် တိုင်းပြည်ငြိမ်းချမ်း သာယာရေးကဏ္ဍများတွင် အမျိုးသမီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီသည် အမျိုးသမီးများဘဝ မြင့်မားတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ၁၀ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်တိုးတက်မှု ရှိသည်ကို ယနေ့အမျိုးသမီးကဏ္ဍ မြင့်မားတိုးတက်လာမှုများက သက်သေပြလျက်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ရေးဆွဲချမှတ်ခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများမှာ သိသာထင်ရှား တိုးတက်လာသော်လည်း ယခုထက်ပိုမိုတိုးတက်၍ လိုအပ်နေသေးသော နိုင်ငံရေးနယ်ပယ်တွင် မြန်မာအမျိုးသမီးများ ထဲထဲဝင်ဝင် တက်တက်ကြွကြွ ပါဝင်လာနိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့်အတူ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါသည်။

ယနေ့မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအနေဖြင့် အောင်မြင်မှု ရရှိနေသော စီးပွားရေး ကဏ္ဍတွင်သာ ရပ်တန့်မနေဘဲ နိုင်ငံတစ်ခုလုံးအပေါ် လွှမ်းခြုံ အကျိုးပြုနိုင်အောင် ဆက်လက်ကြိုးပမ်း စွမ်းဆောင်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အတ္တဟိတနှင့် ပရဟိတ နှစ်ခုတွဲဖက်လုပ်ကိုင်မှသာ အောင်မြင်မည်ဖြစ်သည်။ စီးပွားရေးနှင့်လူမှုရေး၊ လူမှုရေးနှင့် နိုင်ငံရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး တို့သည် အားလုံးဆက်စပ်နေကြသည်ဖြစ်ရာ စီးပွားရေးကိုအခြေပြု၍ နယ်ပယ်အားလုံးတွင် ပါဝင်နိုင်အောင်ဆောင်ရွက်ခြင်းဖြင့် ဘက်စုံထူးချွန် ထက်မြက်သော အမျိုးသမီးစွမ်းဆောင်ရှင်များ ဖြစ်လာပေမည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး လက်တွဲခေါ်ဆောင်သွားရန် အရေးကြီးသည်။ အမျိုးသမီးများကို အမျိုးသားများက မိမိတို့တွင်ရှိထားသည့်စွမ်းအားများဖြင့် ကူညီကာကွယ် စောင့်ရှောက်ပေးရမည် ဖြစ်သလို အမျိုးသမီးများကလည်း မိမိတို့၏ ပင်ကိုစွမ်းအားများဖြင့် အမျိုးသားများနှင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုစွမ်းအားများ ဟုဆိုရာ၌ အမျိုးသမီးကျမ်းကျေ ပညာရှိတစ်ဦး၏ အဆိုဖြစ်သည့် မိန်းမဟူသည် စိန်ကဲ့သို့ မာကျော၏၊ ကျေးရင်အုပ်ကဲ့သို့လည်း နူးညံ့၏၊ ချိုးငှက်ကဲ့သို့လည်း တေးဖွဲ့တတ်၏၊ ဟင်္သာကဲ့သို့လည်း ရွှေလည်တွဲတတ်၏၊ စွန်ရဲကဲ့သို့လည်း ထိုးဆိတ်တတ်၏၊ လွန်းကြင်ငှက် ကဲ့သို့လည်း သစ္စာရှိတတ်၏၊ မြေခွေးကဲ့သို့လည်း မာယာများတတ်၏၊ ဆက်ရက်ကဲ့သို့လည်း ဆူညံတတ်၏ စသည်ဖြင့်ဆိုထားရာတွင် မကောင်းသည်ကိုပယ်၍ ကောင်းသော စွမ်းအားများကို လူမှုဘဝနယ်ပယ်တွင် အသုံးချကြရ မည်ဖြစ်သည်။ အမျိုးသားများနှင့် လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။

အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကိုလည်း အထင်မသေးရန်၊ အားမငယ်ရန်၊ အခြားသူများကိုလည်း အထင်မသေးရန်၊ မနှိမ့်ချရန် လိုအပ်သည်။ အမျိုးသားများကလည်း အမျိုးသမီးများအပေါ် အထင်မသေးရန်၊ မနှိမ့်ချရန်၊ အနိုင်မကျင့်ရန် လိုအပ်သည်။ လက်ရှိကာလ၊ အနာဂတ်ကာလတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များမှာ မြင့်မားတိုးတက်လာသည်မှာ အမှန်ဖြစ်၍ တန်းတူညီမျှ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် အရေးကြီးသည်။

ကမ္ဘာကြီးကို ပြောင်းလဲဖို့၊ မိမိနိုင်ငံကို ပြောင်းလဲဖို့အတွက် စီးပွားရေးတစ်ခုတည်း ပြောင်းလဲအောင်လုပ်ဆောင်ခြင်းဖြင့် မလုံလောက်ဘဲ ပြည်သူအားလုံး စိတ်ဓာတ်များ ပြောင်းလဲလာအောင် မိမိတို့၏ ပျော့ပျောင်း နူးညံ့သောစိတ်ဓာတ်၊ ထက်မြက်သော စွမ်းပကားများဖြင့် ထိန်းကျောင်းပြုပြင် ပြောင်းလဲသွားရမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင်သာမက ယနေ့ ကမ္ဘာတွင် လိုအပ်နေသော ငြိမ်းချမ်းရေးဘက်၊ မေတ္တာဘက်၊ ကရုဏာဘက်၊ စေတနာဘက်ကို ပြောင်းလဲနိုင်ရေးအတွက် အမျိုးသမီးများအားလုံး ဦးဆောင်ပါဝင်ပြီး စိတ်ဓာတ်များ ပြောင်းလဲလာအောင် ကြိုးစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ။

ရည်ညွှန်းချက်- နိုင်ငံတကာအမျိုးသမီးများနေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများ စွမ်းဆောင်ရည်များကို ဖော်ညွှန်းရေးသားပါသည်။