နေပြည်တော် နိုဝင်ဘာ ၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Diamond Stars (ကိုယ်ပိုင်အထက်တန်းကျောင်း) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Diamond Stars Education Centre (Private Hight School)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ ဗလငါးတန်နှင့်ပြည့်စုံ၍ ထူးချွန်ထက်မြတ်သော လူရည်ချွန်များဖြစ်လာစေရန်၊ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အရှေ့၌ ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးက အမှာစကား ပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ Grade-11 ကျောင်းသူ မသီရိမေဇင်က “လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသား မောင်မင်းသုတက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ချစ်ညီက “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မအိဈာန်ဖြိုးမေက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)


