မော်လမြိုင် နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ၊ မော်လမြိုင်-မုဒုံကားလမ်းမဘေးရှိ မင်းသန့်(၁) စက်သုံးဆီ အရောင်းဆိုင်၌ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီ ၂၈ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ာဉ်(၈)စီး၊ ရေသယ်ယာဉ် (၁၃)စီး၊ အမြှုပ်(၄)စီးတို့နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ နီဆန်းခေါင်းဝါ ၈ ဘီး ယာဉ်စက်နှိုးပြီးရပ်ထားစဉ် ၂၂ ဘီးယာဉ်သည် ဘေးနား၌ ကပ်လျက်လာရပ်ရာ ၂၂ ဘီးယာဉ်၏ ဆီထွက်ပေါက်နှင့် နီဆန်းခေါင်းဝါ ၈ ဘီးယာဉ်၏ မီးခိုးပြောင်း တစ်တန်းတည်းဖြစ်ချိန်တွင် ဆီငွေ့နှင့် အပူ ထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ 92 ဓာတ်ဆီ ဂါလန် (၈၈၀၀)ဆံ့ ဆီဘောက်ဆာ (၁)စီး၊ ဂါလန် (၂၈၀၀)ဆံ့ ဆီဘောက်ဆာယာဉ် (၁)စီး၊ သွပ်မိုး၊ ပေ(၄၀ x ၃၀)၊ သံတိုင်(အကာမရှိ) ကားရပ်နားသည့် အဆောက်အဦ (၁)လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး မော်လမြိုင်မြို့၊ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်မှုအား ငြှိမ်းသတ်စဉ် သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန် (၁)ဦး၊ လူမှုကယ်ဆယ်ရေး (၁၂)ဦး၊ ဆီဆိုင်ပိုင်ရှင်သား (၁)ဦး၊ ဆီဘောက်ဆာ ယာဉ်မောင်း (၁)ဦး စုစုပေါင်း (၂၅)ဦးတို့သည် မီးလောင်မှုကြောင့် (မစိုးရိမ်) ဒဏ်ရာရရှိပြီး အဆိုပါဒဏ်ရာရရှိသူများအား မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ လူမှုကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်၍ ဆေးကုသခံယူလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


