ကာရာကတ်စ် ၅  မတ်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နှင့် မိမိကိုယ်ကိုကြားဖြတ်သမ္မတအဖြစ် ကြေညာထားသူ ဂျူအန် ဂွါအီဒိုသည် ဇာတိနိုင်ငံသို့ မတ် ၄ ရက်တွင် ပြန်လည်ရောက်ရှိလာသည်။ ၎င်းအား ထောက်ခံမှုများပေးရန်အတွက် တောင်းဆိုမှုများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် လက်တင်အမေရိက ဒေသတွင်းရှိ နိုင်ငံများသို့ လှည့်လည်သွားရောက်ပြီး နောက်တွင် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ခြင်းဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံသို့ မတ် ၄ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် ဂျူအန် ဂွါအီဒိုသည် မြို့တော်ကာရာ ကတ်စ်တွင် ၎င်းအား ထောက်ခံသူများကို မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် လွတ်လပ်မှု ပြန်လည်မတည်ဆောက်နိုင်သေးသမျှ ၎င်းလက်မြှောက်အရှုံးပေးမည် မဟုတ်ဟု ဂွါအီဒိုက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုတို့အကြား ဖြစ်ပွားသည့် ထိပ်တိုက်ရင်ဆိုင်မှုများက ဗင်နီဇွဲလားနိုင်ငံအား မတည်ငြိမ်မှုများ အတွင်းသို့ ရောက်ရှိစေခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံအချို့တို့က ဂွါအီဒိုအား ထောက်ခံမှုပေးခဲ့ကြပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့ကမူ သမ္မတ မာဒူရိုကိုထောက်ခံကြသည်။

ဗင်နီဇွဲလားတရားရုံးချုပ်က ဂွါအီဒိုအား ခရီးသွားလာခွင့် ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ခဲ့ခြင်းအပေါ် ၎င်းက မသိကျိုးကျွန်ပြုခဲ့ခြင်းကြောင့် ဗင်နီဇွဲလား အာဏာပိုင်များက ဂွါအီဒိုအား ဖမ်းဆီးထိန်းသိမ်းဖွယ်ရှိသည်။

ဂွါအီဒို ဗင်နီဇွဲလားသို့ ပြန်လည်ရောက်ရှိလာပုံနှင့် ၎င်းကို ထောက်ခံသူများအား မိန့်ခွန်းပြောကြားမှုကို အမေရိကန်နှင့် အခြားနိုင်ငံခြား သတင်းမီဒီယာများက တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ဗင်နီဇွဲလားအစိုးရအနေဖြင့် အတိုက်အခံခေါင်းဆောင်အား အန္တရာယ်ပြုပါက စစ်ရေးအရ စွက်ဖက်မည်ဟု အမေရိကန်က ခြိမ်းခြောက်ထားကြောင်း သိရသည်။

အေအက်ဖ်ပီ