ဝါရှင်တန် ၅  မတ်

တရုတ်နိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ဟွာဝေးက အမေရိကန်အစိုးရအား ၎င်း၏ထုတ်ကုန်ပစ္စည်းများကို အသုံးမပြုရန် အမေရိကန်နိုင်ငံအတွင်းရှိ အေဂျင်စီများအား တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် တရားစွဲဆိုမည်ဖြစ်ကြောင်း အမေရိကန် ဒေသန္တရမီဒီယာများက ယနေ့ သတင်းထုတ်ပြန်ကြသည်။

နယူးယောက်တိုင်းမ်နှင့် အခြားမီဒီယာများက ဟွာဝေးကုမ္ပဏီက ယခုရက်သတ္တပတ်အတွင်း ဟွာဝေးကုမ္ပဏီဌာနချုပ် အခြေစိုက်သည့် တက္ကဆက်ပြည်နယ်၏ တရားရုံးတစ်ခု၌ အမေရိကန် အစိုးရအား တရားစွဲဆိုရန်စီစဉ်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

သမ္မတထရန့်ဦးဆောင်သော အမေရိကန်အစိုးရက အမျိုးသားကာကွယ်ရေးဆိုင်ရာ ခွင့်ပြုချက် အက်ဥပဒေတစ်ရပ်ကို ပြီးခဲ့သော သြဂုတ်လက ပြဋ္ဌာန်းခဲ့သည်။ အဆိုပါအက်ဥပဒေတွင် အမေရိကန် ပြည်ထောင်စုအတွင်းရှိ အေဂျင်စီအများအပြားအား ဟွာဝေးကုမ္ပဏီနှင့် ZTE ကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန် တားမြစ်ပိတ်ပင်ခဲ့သည်။ ယင်းသို့ပိတ်ပင်ခြင်းမှာ အေဂျင်စီများ၏ လျှို့ဝှက်သတင်းများ မပေါက်ကြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ဆိုသည်။

အကြောင်းကိစ္စခိုင်လုံစွာ ထောက်ပြ ပြောဆိုခြင်းမရှိဘဲ ထိုသို့ ထုတ်ကုန်ပစ္စည်းများကို ပိတ်ပင်ခြင်းသည် အမေရိကန်အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ဟွာဝေးကုမ္ပဏီက ဆိုသည်။

အမေရိကန်တရားရေးဌာနက ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအကြီးအကဲ မက်ဝမ်ဇူးအား လိမ်လည်မှုအပါအဝင် အခြားသော ပြစ်ချက်များဖြင့် စွဲချက်တင်ခဲ့သည်။ လွန်ခဲ့သော ဒီဇင်ဘာလက အမေရိကန်အစိုးရ၏ တောင်းဆိုချက်အရ မက်ဝမ်ဇူးအား ကနေဒါအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ကနေဒါနိုင်ငံတရားရုံးက လာမည့်ရုံးချိန်းတွင် မက်ဝမ်ဇူးအား အမေရိကန်အာဏာပိုင်များလက်သို့ လွှဲပြောင်းပေးရန်နှင့်ပတ်သက်ပြီး အမိန့်ချမှတ်ဖွယ် ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။

အင်န်အိတ်ချ်ကေ