ဆိုးလ် ၅  မတ်

တောင်ကိုရီးယားနိုင်ငံတွင် လေထုညစ်ညမ်းမှုအန္တရာယ် ပိုမိုပြင်းထန်လာခဲ့သည့်အတွက် တောင်ကိုရီးယားအစိုးရက အရေးပေါ်လုပ်ဆောင်ချက်များ ဆောင်ရွက်လျက်ရှိသော်လည်း အခြေအနေမှာ ပိုမိုဆိုးရွားလျက်ရှိကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

တောင်ကိုရီးယားအစိုးရက အရေးပေါ် အခြေအနေဆောင်ရွက်ချက်များကို လွန်ခဲ့သော ငါးရက်အကြာက စတင်ခဲ့ကြောင်းသိရသည်။

လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာသောကြောင့် နိုင်ငံအတွင်းရှိ မိုးမျှော်တိုက်များကို သဲကွဲစွာ မြင်နိုင်စွမ်း မရှိသလောက်ပင်ဖြစ်သည်။ လေထုအတွင်းပါဝင်သော မြူမှုန်များ၏ သိပ်သည်းဆ တိုင်းတာမှုသည် PM ၂ ဒသမ ၅ ရှိကြောင်း သိရသည်။ အဆိုပါတိုင်းတာမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် လေထုသန့်ရှင်းမှု ကန့်သတ်ချက် အတိုင်းအတာထက် ကျော်လွန်နေကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရ၏ အရေးပေါ် အခြေအနေလှုပ်ရှားမှုများတွင် မော်တော်ယာဉ်သုံးစွဲမှု ပိတ်ပင်ခြင်းနှင့် အပူစွမ်းအင် စက်ရုံများ၏ ထုတ်လုပ်မှုနှုန်းကို လျှော့ချခြင်း စသည်တို့ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအတွင်း လေထုညစ်ညမ်းမှု အန္တရာယ်သည် ပိုမိုဆိုးရွားလာသည့်အတွက် ကျန်းမာရေး ဘေးဥပဒ်အန္တရာယ်များ ဖြစ်ပွားနိုင်ခြင်းနှင့် ခရီးသွားလာရေး လုပ်ငန်းများ ထိခိုက်မှုရှိစေခြင်းတို့ကြောင့် ပြည်သူများက စိုးရိမ်ပူပန်လျက် ရှိကြသည်။

အင်န်အိတ်ချ်ကေ