နေပြည်တော် နိုဝင်ဘာ၁၀

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းတိုးတက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်နှင့် ဓာတ်အားပေးစက်များ ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်း သိမ်းမောင်းနှင်သွားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ထို့နောက် ဓာတ်အားပေးစက်ရုံ Switchyard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိပို့လွှတ်ပေးနေမှု၊ ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့ လွှတ်ပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။         

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံ စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းသည် ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်