ပြည်စိုးညိမ်း

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ခဲ့သည်။  မူလတာဝန်မှာ  ထိပ်သီးအစည်းအဝေးကြီးများ တက်ရောက်ရန်ဖြစ်သော်လည်း အကြီးအကဲမှာ အမိနိုင်ငံတော်အတွက် ထိုမျှနှင့်တင်းတိမ်မရောင့်ရဲနိုင်။ မိမိအနားယူရမည့် ကိုယ်ပိုင်အချိန်များကိုပင် အသုံးပြု၍  တက္ကသိုလ်များ၊ စက်ရုံ၊  အလုပ်ရုံများသို့ မနားမနေ သွားရောက်လေ့လာခဲ့သည်။

 

နိုင်ငံတော်အကြီးအကဲသည် ပညာကို လိုလား၍ ပညာရေးကို အားပေးသူဖြစ်သည်။ အစည်းအဝေးများ၊ တွေ့ဆုံမှာကြားမှုများတွင် ပညာရေးကိုအလေးအနက်ထားရမည်ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ကြားနာခဲ့ရသည်။ လက်တွေ့ကျကျ အားပေးချီးမြှောက်နေသည်ကိုလည်း မျက်ဝါးထင်ထင်တွေ့နေရသည်။ အကြီးအကဲကိုယ်တိုင် မည်သည့်နိုင်ငံကို ရောက်ရှိသည်ဖြစ်စေ မိမိနိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေမည့် အတတ်ပညာ၊ အသိပညာရပ်တို့၏ ရင်းမြစ်ဖြစ်ထွန်းရာနေရာများကို စိတ်ဝင်တစားလေ့လာစူးစမ်းလေ့ရှိသည်။ အကြီးအကဲ အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးတွင် ပညာရေး၏အရေးကြီးပုံကို အလေးအနက်ထားမှုက ထင်ရှားလှသည်။

 

ခရီးစဉ်ကာလအတွင်း အကြီးအကဲအတွက် နားနေချိန်ဆိုသည်မှာ မရှိသလောက်ပင်။ ရောက်ရှိနေသည့်အချိန် အတွင်း အမိမြန်မာနိုင်ငံအတွက် လေ့လာသင့်သည်ကို လေ့လာ၊ ဆွေးနွေးသင့်သည်ကို ဆွေးနွေး၊ မေးမြန်းစူးစမ်းသင့်သည်ကို မေးမြန်းစူးစမ်းရန် ပြင်ဆင်ရသည်။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ ကူမင်းသို့စတင်ထွက်ခွာသည်။ ခရီးရောက်မဆိုက်မှာပင် ကူမင်းမြို့ HUALUXE Kunming Hotel ၌ တရုတ် - မြန်မာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။ ထိပ်သီး အစည်းအဝေးကြီးများ တက်ရောက်ရမည့် အကြီးအကဲ၏ခရီးစဉ်မှာ အချိန်ဇယားများနှင့် ပြည့်နှက်နေသည်။ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E.Mr.Wang Ning နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် တစ်ရပ်ရှိနေသေးသည်။ နိုဝင်ဘာလ ၇ ရက်တွင်ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကြီး သုံးရပ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြသည်။ ခရီးစဉ်မစတင်မီကပင် ကြိုတင်ပြင်ဆင်ခဲ့ကြပြီး ဖြစ်သော်လည်း အချိန်နှင့်အမျှ ပြောင်းလဲလာနိုင်သည့် အချို့အကြောင်းအရာများအတွက် မတိုင်မီကာလအထိ ပြင်ဆင်မှုကို မလျှော့ကြချေ။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက်ပြည့်စုံအောင် အားကြိုးမာန်တက် ဆောင်ရွက်ကြလျက်ရှိသည်။

 

သို့သော် အကြီးအကဲမှာ မိမိနိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံသယ်ပိုးရွက်ဆောင်ရန် စိတ်အားထက်သန်လျက် ရှိသည်။ ခဏတာမျှအနားရသော မွန်းလွဲအချိန်လေးမှာပင် အနားမယူနိုင်ဘဲ ကူမင်းမြို့ရှိ ယူနန် အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှု နည်းပညာကောလိပ်၊ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့ကို သွားရောက်လေ့လာရန်ပြင်ဆင်သည်။

 

 

နိုင်ငံတော်အကြီးအကဲခေါင်းဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ကောလိပ်တာဝန်ရှိသူများက ရင်းနှီး နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ တာဝန်ရှိသူများက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သက်မွေးပညာဘာသာရပ်များ၊ နည်းပညာဆိုင်ရာဘာသာရပ်များ၊ နိုင်ငံတကာမှ သက်မွေးဘာသာရပ်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များနှင့် ကူးလူးဆက်သွယ်ဆောင်ရွက်နေမှု၊ ကျွမ်းကျင်လုပ်သားများနှင့် ပညာရှင်များ မွေးထုတ်ပေးနေမှု အခြေအနေများကို ရှင်းပြသည်။ အကြီးအကဲက သိရှိလိုသည်များကို စိတ်ဝင်တစား ပြန်လည်မေးမြန်းသည်။ သည့်နောက်တွင် ကမ္ဘာ့အဆင့်အတတ်ပညာ၊ အသိပညာဆိုင်ရာ ပြိုင်ပွဲ ပြပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည့် အဆင့်မြင့်နည်းပညာအသုံးပြု စက်ကိရိယာများ ခင်းကျင်းပြသထားသည်ကို အကြီးအကဲက လိုက်လံကြည့်ရှု အားပေးသည်။ အကြီးအကဲမှာ ခရီးစဉ် ပထမဆုံးနေ့မှာပင် အနားမယူရသေးဘဲ လုပ်ငန်းတာဝန်များ တရစပ်ဆောင်ရွက်နေသော်လည်း မောပန်းနွမ်းနယ်ဟန်မရှိ၊ ရွှင်လန်းတက်ကြွလျက် ရှိသည်ကို သတိ ပြုမိသည်။

 

ထိုမှတစ်ဆင့် ကူမင်းသိပ္ပံနှင့်နည်း ပညာတက္ကသိုလ်သို့ ရောက်သည်တွင် တက္ကသိုလ်ပါတီ အတွင်းရေးမှူးဖြစ်သူ Mr. Teng Jiahua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ တက္ကသိုလ် တာဝန်ရှိသူများက AI နည်းပညာ စမ်းသပ်ခန်းအတွင်းတွင် တက္ကသိုလ် ဆိုင်ရာ ဆောင်ရွက်ချက်များကို Video Clip ဖြင့် ဖွင့်လှစ်ပြသသည်။ အထူးစိတ်ဝင်စားဖွယ်ကောင်းသည်မှာ UAV နှင့် Drone နည်းပညာအသုံးပြု လယ်ယာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှုစွမ်းရည်များ သင်ကြားပို့ချနေမှုများပင်ဖြစ်သည်။ လူသားအစားထိုး အဆင့်မြင့် စက်ရုပ်နည်းပညာ၊ အာရုံခံစနစ် အသုံးပြုမှုနည်းပညာ သင်ကြားပို့ချ ပေးနေမှုများပင် ဖြစ်သည်။ ၎င်းဌာနများကို အကြီးအကဲက စိတ်ပါဝင်စားစွာ လေ့လာမေးမြန်းရာ တာဝန်ရှိ သူများက ရှင်းလင်းဖြေကြားကြသည်။ လှည့်လည်ကြည့်ရှု လေ့လာမှုများအပြီးတွင် အကြီးအကဲက တက္ကသိုလ် ပါတီအတွင်းရေးမှူးသို့ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။ တုံ့ပြန်သည့်စေတနာအဖြစ် ပါတီအတွင်းရေးမှူးကလည်း လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ပြီး အမှတ်တရ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ နည်းပညာရပ်များက အရှိန်အဟုန်ဖြင့် တိုးတက် ထွန်းကားနေကြသည်။ ရပ်တန့်နေခဲ့၍မရ၊ ကျန်နေခဲ့၍မရ။ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော နည်းပညာ မြစ်ကြီးအတွင်း သက်ဆိုင်ရာပညာရပ်များကို “ရတဲ့နေရာကယူ၍ လိုတဲ့နေရာမှာပြန်သုံး နိုင်အောင် တစိုက်မတ်မတ် ချဉ်းကပ်လေ့လာနေရ မည်သာဖြစ်ပါ၏။ အကြီးအကဲသည် သည်သဘောကို ကောင်းစွာသိမြင် နားလည်သည်။ လူသားအရင်းအမြစ်များ စွမ်းရည်မြင့်မားစေရန် ပညာတော်သင်များ စေလွှတ်နေသလို တစ်ဖက်မှလည်း မိမိနိုင်ငံအတွင်းမှာပင် သုတေသနလုပ်ငန်းများ၊ တီထွင်ဖန်တီးမှုများနှင့် ထိုးထွင်းကြံဆမှုများကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး အားပေးမြှင့်တင်လျက်ရှိသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်က ထိပ်သီးအစည်းအဝေးကြီး သုံးရပ်ကို တစ်နေ့တည်းကျင်းပခဲ့ခြင်းဖြစ်သည်။ အကြီးအကဲမှာ ထိပ်သီးအစည်းအဝေးကြီး သုံးရပ်စလုံးတွင် ပါဝင်တက်ရောက်ခဲ့ရုံမျှမက နိုင်ငံနှင့် လူမျိုးအကျိုးကို ဖော်ဆောင်နိုင်မည့် ဆွေးနွေးချက်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် စိတ်လက်ပေါ့ပါးနေဟန်ရှိသည်။ နောက်ထပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အသင့်ရှိနေဟန်ဖြင့် စိတ်အားထက်သန်လျက်ရှိသည်။ သို့နှင့် နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့ရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက်လေ့လာရန် ကြိုတင်ပြင်ဆင်ကြသည်။

 

အကြီးအကဲနှင့် အဖွဲ့ဝင်များ Zhongyue Aviation UAV Firefighting-Drone Co.,Ltd သို့ ရောက်ရှိရာ ကုမ္ပဏီမှ Founder & Chairman ဖြစ်သူ Mr.CAO, Bing နှင့် တာဝန်ရှိသူများက ရင်းနှီးဖော်ရွေစွာ ကြိုဆို နှုတ်ဆက်ကြသည်။ ကုမ္ပဏီတာဝန်ရှိသူများက ကုမ္ပဏီသမိုင်းအကျဉ်းနှင့် လူသားအကျိုးပြု ဆောင်ရွက်ချက်များကြောင့် ပြည်တွင်းပြည်ပက ချီးမြှင့်သည့်ဆုတံဆိပ်များအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြသည်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းများအတွင်း အဆင့်မြင့်ဒရုန်းများသုံးပြီး ဆောင်ရွက်ခဲ့သည့်မှတ်တမ်း Video ကို ပြသသည်။ အကြီးအကဲက အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားသည်ကို စိတ်ဝင်တစား လိုက်လံကြည့်ရှုသည်။ သိလိုသည်တို့ကို ထဲထဲဝင်ဝင်လေ့လာမေးမြန်းသည်။ ဒရုန်းအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ပြသည့် သရုပ်ပြကွက်ကို ကြည့်ရှုအားပေးသည်။ ယခုလို နည်းပညာအသုံးပြု၍ လူသားအကျိုးပြုဒရုန်းများ တီထွင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကို အသိအမှတ်ပြုပါကြောင်းနှင့် လက်ဆောင် ပစ္စည်းများကို အမှတ်တရပေးအပ်သည်။

 

 

ဆက်လက်ပြီး SERES မော်တော်ကားကုမ္ပဏီသို့ သွားရောက်လေ့လာကြရာ Chairman ဖြစ်သူ Mr.Li Bo နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ စက်ရုံ၏သမိုင်းအကျဉ်းနှင့် ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီ အလိုက်၊ ကားအမျိုးအစားအလိုက် အချက်အလက်များနှင့် ကားထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို အသေးစိတ် လိုက်လံရှင်းလင်းပြသသည်။ သိရှိလို သည်များကို စိတ်ပါဝင်စားစွာ ပြန်လည်မေးမြန်းနေသော အကြီးအကဲ၏ရင်ထဲတွင် အမိနိုင်ငံတော်အတွက် လက်တွေ့ ကျသောရည်မှန်းချက်များနှင့် လှပသော အိပ်မက်များ စွဲမြဲခိုင်မာစွာ ဖြစ်ထွန်းတည်ရှိနေသည်ဟု ယုံကြည်ပါ၏။

 

 

တန်ဖိုးရှိသောအချိန်တို့မှာ တရိပ်ရိပ် ကုန်ဆုံးလွန်မြောက်လျက်ရှိ၏။ အကြီးအကဲသည် ရှားပါးသော အချိန်အတွင်းမှပင် ရရှိသောအခွင့်အလမ်းကို အမိအရဖမ်းဆုပ်၍ လေ့လာသင့် လေ့လာထိုက်သည်တို့ကို မနားမနေရှာဖွေဖော်ထုတ်သည်။ ရောက်အောင်သွား၍ စူးစမ်းသည်။ မိမိနိုင်ငံ၏ ရေခံမြေခံနှင့် သဟဇာတ ကျကျ အကျိုးဖြစ်ထွန်းစေမည့် အကြောင်းခြင်းရာများကို စေ့ငုကြံဆသည်။ အမိနိုင်ငံတော်အတွက် ဦးထိပ် ပန်ဆင်ထားသည့်စိတ်က ဦးဆောင်နေသဖြင့် လူငယ်လေးတစ်ဦးအလား ရွှင်လန်းတက်ကြွလျက်ရှိသည်။ Chongqing International Logistics Hub Park ရောက်သည်နှင့် မွန်းတိမ်းစပြုလေပြီ။ တာဝန်ရှိသူများက တရုတ်-ဥရောပ-အနောက်နိုင်ငံတို့အကြား ကုန်စည်စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြမြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည်စီးဆင်းမှု ဆိပ်ကမ်းများ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ်များကို လိုက်လံရှင်းလင်းပြသည်။ တာဝန်ရှိသူတို့၏ ကိုယ်အမူအရာ၊ နှုတ် အမူအရာတို့မှာ အဆွေခင်ပွန်းကောင်း၊ ဧည့်သည်တော်ကောင်းတစ်ဦးဖြစ်သော အကြီးအကဲအပေါ် အလေးအနက်ထားရှိကြောင်း ပေါ်လွင်လှသည်။ အကြီးအကဲကလည်း တစ်ဖက်မှ ရှင်းလင်းတင်ပြချက်များကို စိတ်ဝင်တစားနားစွင့်၍ သိလိုသည်များကို ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းသည်။ အချိန်ပမာဏအားဖြင့် နည်းပါးသော်လည်း အဓိပ္ပာယ်ပြည့်ဝလေးနက်သော လေ့လာရေးခရီးစဉ်တစ်ခုပင်ဖြစ်သည်။ အကြီးအကဲက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးသည်။

 

ထိုနေ့ မွန်းလွဲပိုင်းမှာပင် Weima လယ်ယာစက်မှုထုတ်ကုန် ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။ ဥက္ကဋ္ဌ ဖြစ်သူ Mr.Yan Hua ကိုယ်တိုင် ဖက်လဲတကင်းဆီးကြို၍ အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ စက်ပစ္စည်းများ တင်ပို့ရောင်းချမှုအခြေအနေ၊ စက်ပစ္စည်းများ ခင်းကျင်းထားမှုနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ကိုယ်တိုင်လိုက်လံရှင်းလင်းပြသသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အားယူ ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီသို့ အကြီးအကဲ ကိုယ်တိုင် စိတ်အားထက်သန်စွာ လာရောက်လေ့လာနေသည့်မြင်ကွင်းမှာအားတက်ဖွယ်ပင်။ မသွေစနစ်ရင်းမြစ် တိုးတက်ပါလျှင် ရွှေမြေတစ်ခေတ် လင်းသစ်ဖြိုးလက်လာရမည်မှာ ဧကန် ဖြစ်ပါ၏။ အကြီးအကဲ၏ ဦးဆောင် လမ်းညွှန်မှုနှင့်အညီ မြန်ပြည်နယ်စပ်တိုင်အောင် မလပ်မခြားစေရန် ကြံရည်ရွယ်လတ် မရပ်မနား ချီတက်ကြရပါမည်။ စီးပွားပေါင်းစု ပူမှုသုဉ်းဆိတ်ကွယ်ပါလျှင်ကြီးပွားကြောင်းပြု၍ လူထုပြုံးရိပ်ကြွယ် ကြပေလိမ့်မည်။

 

ထို့နောက် Chongqing Planning  Exhibition ပြတိုက်သို့ ရောက်ရှိကြရာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ သို့နှင့်ပင် အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့မှာ လုပ်ငန်းဆောင်တာများ နှစ်မြှုပ်ထားကြရင်း တစ်နေ့တာ၏အလျားမှာ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ညပိုင်းတွင် ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ရောက်ရှိပြီး ယန်စီမြစ်အတွင်း သင်္ဘောစီး၍လေ့လာခဲ့ကြသည်။ လေ့လာရေးခရီးသက်သက်မျှ မဟုတ်။ လုပ်ငန်းတာဝန်များက တွဲလျက် ကပ်ပါလာ၏။ ထိုသင်္ဘောကြီးပေါ်တွင် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ယန်စီမြစ်ရေသည် တငြိမ့်ငြိမ့်စီးဆင်းလျက်။ ထို့အတူ အမိမြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းများသည်လည်း တသွင်သွင်ဖြစ်ထွန်း တိုးတက်လျက်။

 

နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်  ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။ ရှန်းကျန့်မြို့ရှိ Hytera Communications Corporation Limited သို့ သွားရောက်၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာရပ်များနှင့် ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသည့် နည်းပညာနှင့်အတူ ဆန်းသစ်တီထွင်ထုတ်လုပ်ထားပုံများကို အသေးစိတ်ကြည့်ရှု လေ့လာကြသည်။ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ တစ်ဆက် တည်းမှာပင် “The Tide Rises in the Pearl River Exhibition Center” သို့ သွားရောက်၍ နှစ်အလိုက်ပြောင်းလဲလာသည့် ကွမ်ကျိုးလူနေမှုဘဝ၊ ပညာရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ကွမ်တုံပြည်နယ်၏သင်္ကေတ၊ ၁၉၈၀ နောက်ပိုင်း ပြည်တွင်း၊ ပြည်ပတင်ပို့ရောင်းချလျက် ရှိသည့် ချည်ထည်ပြခန်းများအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုများ၊ အထူးစီးပွားရေးဇုန် စတင်ထူထောင်ခဲ့မှု မှတ်တမ်းများစသည်ဖြင့် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့သည့် ပြခန်းများကို လေ့လာကြည့်ရှုသည်။

 

နိုဝင်ဘာလ ၁၀ ရက်နေ့ကား အမိမြန်မာနိုင်ငံတော်သို့ ပြန်လည်ထွက်ခွာမည့်နေ့ဖြစ်သည်။ သို့သော် နိုင်ငံတော်အကြီးအကဲမှာ အနားယူခြင်းအလျှင်းမရှိဘဲ ရနိုင်သမျှသော အချိန်အတွင်းမှပင် ရှန်းကျန့်မြို့ရှိ BYD မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီသို့ လေ့လာရေးခရီးသွားရောက်၍ နှစ်အလိုက် ဖွံ့ဖြိုးတိုးတက်လာမှု၊ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ပုံစံငယ်များဖြင့် ပြသ ထားမှု၊ EV ရထားနှင့် ရထားတွင်ပါဝင်နေသည့် အစိတ်အပိုင်းများ၊ ပြည်တွင်းပြည်ပ ပြေးဆွဲလျက်ရှိမှုများ၊ ဘက်ထရီတို့၏ ခံနိုင်ရည်စွမ်းအား လက်တွေ့ နှိုင်းယှဉ်ပြသမှုတို့ကို လိုက်လံကြည့်ရှုပြီး သိလိုသည်များကို စေ့စပ်သေချာစွာ မေးမြန်းစူးစမ်းသည်။ အနာဂတ်ကာလအတွက် သယ်ယူပို့ဆောင်ရေးစနစ်နှင့် လောင်စာဆီအစားထိုး သုံးစွဲနိုင်ရေးတို့အထိ အရှည်ကိုမြော်တွေးချင့်တွက်၍ ရသည့်အချိန်လေးမှာပင် မနားမနေ သွားရောက်လေ့လာခြင်းဖြစ်ပါ၏။

 

အကြီးအကဲ၏ တစ်နေ့တာအတွင်း လေ့လာမှု၊ စူးစမ်းမေးမြန်းမှု၊ တွေ့ဆုံဆွေးနွေးမှုများမှာ မနည်းလှ။ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ကူးသန်းရောင်းဝယ်ရေး၊ ကာကွယ်ရေးစသည်ဖြင့် နယ်ပယ်စုံလင်လှသည်။ ခရီးစဉ်အတွင်း အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်ခဲ့မှုများက အမိမြန်မာနိုင်ငံအတွက် အကျိုးရှိစေမည့် ရလဒ်ကောင်းများ ပြန်လည်ထွက်ပေါ်လာစေမည်ဖြစ်သည်။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်း တွင် ရှန်းကျန့်မြို့ ဘောင်အန်းအပြည် ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ် ဖြင့် ပြန်လည်ထွက်ခွာသည်။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်မှာ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းအချိန်ဖြစ်သည်။ နေရောင်ခြည်မှာ မပူလွန်းမအေးလွန်းဘဲ မျှတသောဥတုကိုဆောင်လျက် အကြီးအကဲ၏ ခရီးစဉ်ကို နွေးထွေးစွာဆီးကြိုနေဘိသို့ ရှိ၏။ မိုးနှောင်း၍ ဆောင်းဦးဝင်စဖြစ်သော အခါသမယမှာ လေပြည်လေညင်းလေးများ ဆော်သွေးကာ အေးချမ်းသာယာ လျက်ရှိသည်။ ဝန်းကျင်တစ်ခွင်ဝယ် လတန်ဆောင်တိုင်၏ ငြိမ်သက်ခြင်း၊ အေးမြခြင်း၊ သာယာခြင်းနှင့်ငြိမ်းချမ်းခြင်း တို့သာလျှင် အတိဖုံးလွှမ်း၍ရှိနေပါ၏။

 

နေပြည်တော် တပ်မတော်လေဆိပ်သို့ အထူးလေယာဉ်ဆင်းသက်ချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင် ဝန်ကြီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ပြည်သူများ၊ တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် အကအဖွဲ့များ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းမှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

 

တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များကလည်း ပျော်ရွှင်ဝမ်းမြောက်စွာ တီးမှုတ်ကခုန်၍ ဂုဏ်ပြုကြိုဆိုကြသည်။ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်ပြန်လည်ရောက်ရှိမှုကို ဝမ်းပန်းတသာကြိုဆို နှုတ်ဆက်ကြခြင်းပင်ဖြစ်သည်။ အမိအဖသဖွယ်ဖြစ်သော နိုင်ငံ့ခေါင်းဆောင်အပေါ် သူတို့တစ်တွေ၏ ယုံကြည်ကိုးစားမှုနှင့် အားပေးထောက်ခံမှုကို တစ်ခဲနက်ပြသကြခြင်းဖြစ်သည်။

 

ပြည်သူတို့သည် ခရီးစဉ်တစ်လျှောက် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် နည်းပညာကဏ္ဍ မြင့်မားတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိပ်သီးအစည်းအဝေး ဆွေးနွေးမှုများနှင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို ရှေးရှုသည့်တွေ့ဆုံဆွေးနွေးမှု၊ လေ့လာမှုစသည် တို့ကို ကောင်းစွာသိမြင်နားလည်ထားကြသည်။ ဤသို့သော အကြောင်းရင်းခံများကြောင့်ပင် သူတို့ကိုယ်တိုင်၏ ရင်တွင်းစိတ်ဆန္ဒအခံဖြင့် အခုလိုလာရောက် ကြိုဆိုကြခြင်းဖြစ်သည်။ ကြိုဆိုသူတိုင်း၏လက်ဝယ်တွင် မြန်မာနိုင်ငံအလံနှင့် တရုတ်နိုင်ငံအလံငယ်လေးများမှာ အေးမြသောလေပြည်နှင့်အတူ တလူလူ တဖျပ်ဖျပ်လွင့်မြူးလျက်ရှိနေကြသည်။

 

“တရုတ်-မြန်မာ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ”၊ “တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ”၊ “တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နစက ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်”၊ “တရုတ်-မြန်မာချစ် ကြည်စွာ တွဲလက်မြဲပါစေ”၊ “မြန်မာ - တရုတ်ပူးပေါင်းလုပ် အဟုတ်အောင်မြင်ပါစေ”၊ “မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏” စသည့် ဆိုင်းဘုတ်များကိုလည်းကောင်း၊ အကြီးအကဲ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ခဲ့သည့် ရုပ်ပုံများကိုလည်းကောင်း လက်ဝယ်ကိုယ်စီ အမြတ်တနိုး ကိုင်ဆောင်ထားကြသည်။

 

“တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ”၊ “အမျိုး ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ”၊ “နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေးခိုင်မြဲပါစေ”၊ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” အစရှိသော ကြွေးကြော်သံများကို သံပြိုင်ညီညီဟစ်ကြွေး၍ သောင်းသောင်းဖြဖြကြိုဆိုနေကြပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်သည်။ အကြီးအကဲကလည်း ကားမှန်ကိုချ၍ လက်ပြကာ အပြုံးဖြင့် တုံ့ပြန်နှုတ်ဆက်လေသည်။ နိုင်ငံတော်အကြီးအကဲ၏ စေတနာအရင်းခံဖြင့် ကြိုးစားအားထုတ်ခဲ့မှုများကို ပြည်သူအပေါင်းက ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြုဂုဏ်ပြုကြိုဆိုကြသည်။ ယင်းတို့၏စေတနာစိတ်ဖြင့် ကြိုဆိုမှုများကို အကြီးအကဲက မေတ္တာစိတ်ဖြင့် ကမ်းလင့်တုံ့ပြန်သည်။ မေတ္တာဆိုသည်မှာ အလျားအနံမရှိသော်ငြား ကူးလူးတုံ့တင် အသွားအပြန်ရှိတတ် သည်ဆိုခြင်းမှာ မှန်လှပါ၏။ အပေးအယူမျှမျှ သဟဇာတကျကျဖြင့် မင်္ဂလာရှိသော မြင်ကွင်းတစ်ရပ်ပင်ဖြစ်ပါ၏။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့်ခရီးစဉ်မှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ သို့သော်အကြီးအကဲ၏ ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့မှုများမှာ အကျိုးကျေးဇူးများလှသလို အတူလိုက်ပါသွားကြသည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကလည်းများပြားလှသည်။

 

“မျိုးစေ့မမှန် ပင်မသန်က၊ ဖူးတံ ငုံကင်း အသီးဖျင်း၏” ဆိုသော စကားရှိ ၏။ စစ်မှန်သောမျိုးစေ့ကို စိုက်ပျိုးမှသာ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့် အသီးအပွင့်များကို ရရှိနိုင်မည်ဖြစ်သည်။ အကြီးအကဲနှင့်တကွ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်တို့သည် နိုင်ငံတော်၏ အနာဂတ်နှင့် ပြည်သူတို့၏ ဘဝရှေ့ရေးကိုမြော်တွေး၍ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို မနေမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ပန်းလိုချင်၍ အပင်ကိုပျိုးခဲ့ကြခြင်းဖြစ်သည်။ အပင်ရှင်သန်ရန်အတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုစသည့် မြေဩဇာများကိုလည်း ဖြည့်သွင်းခဲ့ကြသည်။ ဆက်လက် ရှင်သန်ကြီးထွား စေရန်အတွက် ကတိကဝတ်များ၊ ခွန်အားများကိုလည်း ဆောင်ကြဉ်းလာနိုင်ခဲ့ကြသည်။ ထိုစွမ်းရည်၊ ထိုခွန်အားများကို အသုံးချ၍ ဆက်လက်ကြိုးပမ်းကြမည့် အကြောင်းကိုလည်း ခရီးစဉ်လှုပ်ရှားမှုများတွင် ပုံဖော်နိုင်ခဲ့ပြီဖြစ်သည်။ ပန်းလိုချင်၍ အပင်ကိုပျိုးခဲ့ကြလေပြီ။ မဝေးတော့သော ကာလတစ်ခုတွင် ထိုထိုသော အောင်ပန်းတို့သည် အမိနိုင်ငံတော်အတွက် ငွားငွားစွင့်စွင့် ပွင့်လန်းလာကြတော့မည်ဟု အလေးအနက် ယုံကြည်မိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။