နေပြည်တော် နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်း တောင်ဘက် ရေမိုင် ၂၅ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင် သုံးဖောင်မှ ရေလုပ်သား ၁၂ ဦးကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ခွဲခန့်တွင် ငါးဖမ်းရေယာဉ်မှတွေ့ရှိ ကယ်ဆယ်ခဲ့ကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် စစ်ရေယာဉ် က သွားရောက်ကာ အဆိုပါရေလုပ်သားများအား မွန်းလွဲ ၃ နာရီခန့်တွင် စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျားဖောင်လုပ်သား ၁၂ ဦးသည် ဖျာပုံမြစ်ဝမှ ၁၀ မိုင် ခန့်အကွာတွင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်နေစဉ် နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီခန့်တွင် ရာသီဥတု ဆိုးရွားကာ လှိုင်းလေပြင်းထန်လာသဖြင့် ကျားဖောင်များပျက်၍ မျောပါခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်(ရေ)စစ်ရေယာဉ်မှ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ကာ ရေလုပ်သားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


