နိုဝင်ဘာ ၁၁

လာအိုနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် လူပေါင်း ၂၅၅၀၀၀ ကျော် ထိခိုက်ခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက ပြောကြားသည်။

လာအိုနိုင်ငံအနှံ့အပြားတွင် အပူပိုင်းမုန်တိုင်း ဆိုလ်လစ်၊ တိုင်ဖွန်းမုန်တိုင်း ရာဂီတို့တိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းခဲ့ရာ နိုင်ငံအတွင်းရှိ ပြည်နယ် ၁၆ ခု၊ ခရိုင် ၁၃၃ ခု၊ ကျေးရွာပေါင်း ၁၄၆၂ ရွာနှင့် အိမ်ထောင်စု ၅၄၁၀၈ စုတို့ထိခိုက်မှုရှိကြောင်း ဖော်ပြထားသည်။

အဆိုပါသဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးမှုရှိပြီး ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် စိုက်ပျိုးမြေဟက်တာ ၁၅၀၀၀ နီးပါး ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

လာအိုနိုင်ငံ၏ဒေသအများအပြားတွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်း မုန်တိုင်းများတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားမှုကြောင့် လယ်ယာမြေများ၊ နေအိမ်များနှင့် အခြားသောပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို