နေပြည်တော် နိုဝင်ဘာ ၁၁
အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအား ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုအစည်းအဝေးတွင် အမျိုးသားရေဥပဒေရေးဆွဲ ပြုစုရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအပေါ် ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ မိမိတို့နိုင်ငံတွင် လက်တွေ့ကျင့်သုံးနိုင်မည့် အခြေအနေများ၊ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပုဒ်မ၊ ပုဒ်မခွဲ တစ်ခုချင်းစီအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ အမျိုးသားရေဥပဒေ ပဉ္စမမူကြမ်းကို ပြုစုပြီးပါက မိမိတို့နိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်စေမည့် ရေဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး (၁)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေရေးဆွဲရေး ဆောင်ရွက်ထားရှိမှုများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်လျာထားချက်များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေရေးဆွဲ ပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်း အပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆက်လက် ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


