နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဉပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဉက္ကဋ္ဌ ဦးအောင်သော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ လူသားအရင်းအမြစ်၊ ငွေကြေးအင်အားနှင့် သယံဇာတအရင်းအမြစ်များသည် အကန့်အသတ်နှင့်ရှိနေပြီး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကောင်းမွန်ခြင်းဖြင့် ရှိပြီး အရင်းအမြစ်များ ပိုမိုတိုးတက် ဖွံ့ဖြိုးစေရန်နှင့် တည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်တွင် များစွာမူတည်လျက် ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသည့်  နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း။ 

ယခု ဖွင့်လှစ်သည့်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် လက်တွေ့သင်ခန်းစာများကို သေချာစွာ လေ့လာသင်ကြားပြီး၊ မိမိတို့၏လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် စနစ်တကျ အသုံးချသွားကြရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစွမ်းရည်ဖြင့် ပံ့ပိုးဆောင်ရွက်သွားရန်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈) တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၃၄) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်