ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ဝန်ကြီးဌာနခြောက်ခုမှဝန်ထမ်းများ၊ ပြင်ပမီဒီယာများနှင့် အသင်းအဖွဲ့များပါဝင်သော ၄၈ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ရန် ထွက်ခွာ
ရန်ကုန် နိုဝင်ဘာ ၁၁
၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရေး နှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်အကြို လှုပ်ရှားမှု အဖြစ် တရုတ်-မြန်မာနှစ်နိုင်ငံ ကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ မြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံမီဒီယာ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှား မှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ် မြောက် Twin City မီဒီယာဖိုရမ်တို့ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားနှင့် မီဒီယာဖိုရမ်သို့ တက်ရောက်ရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၄၁ ဦးနှင့် ပြင်ပ မီဒီယာနှင့် အဖွဲ့အစည်းများမှ ခုနစ်ဦး စုစုပေါင်း ၄၈ ဦး ပါဝင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ထွက်ခွာသွားသည်။
အဆိုပါ ခရီးစဉ်တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ယောင်အမ်းခရိုင်ရှိ ကွမ်းလုရှေး မြို့ဟောင်း၊ ချူရှုံမြို့ရှိ ရွှမ်းပေါ် ခရိုင်မီဒီယာစင်တာ၊ ယီတိုင်းရင်းသားချည်ထိုး ဒစ်ဂျစ်တယ်လုပ်ငန်း ဥယျာဉ်များတွင် ပန်းမန်အခြေခံ ခေတ်သစ်လယ်ယာ စိုက်ပျိုးရေး၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ခရီးသွား လုပ်ငန်း တိုးချဲ့ဆောင်ရွက်မှုများ၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများနှင့် ရိုးရာ လက်မှုပညာ ထိန်းသိမ်းရေး ဆောင်ရွက်မှု အခြေအနေများကို သွားရောက်လေ့လာကြမည်ဖြစ် ကြောင်း၊ ထိုသို့ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ချက်များမှ တစ်ဆင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ ချစ်ကြည်ရင်းနှီးမှု၊ နားလည်သဘောပေါက်မှုများ ပိုမိုတိုးမြင့်စေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးတက် ခိုင်မြဲစေရန်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက် အထိ တရုတ်နိုင်ငံခရီးစဉ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ချက်များအပေါ် နောက်ဆက်တွဲ ဆောင်ရွက်ချက်အဖြစ် အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


