ရန်ကုန် နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကြည်အောင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Cooperation Coordinator Ms. Bonny Foo တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ (၁၁)ရက်မှ (၁၃)ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှု၊ အခြေခံမူများ၊ အကောင်းဆုံးလှုပ်ရှားမှု စံနမူနာများနှင့် သက်ဆိုင် သည့် ဗဟုသုတများကို နားလည်လက်ခံ လေးစားလိုက်နာစေရန်သာမက ပြန်လည်ဆင့်ပွားပေး နိုင်ရန်နှင့် လုပ်ငန်းများတွင် ပိုမိုတက်ကြွစွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သည်။
ထို့အတူ ကြက်ခြေနီလှုပ်ရှားမှု၏ လူမှုကရုဏာလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေရန်နှင့် ကြက်ခြေနီလှုပ်ရှားမှုများတွင် ပိုမိုပါဝင် ဆောင်ရွက်လာစေရန်၊ ပြည်တွင်း/ ပြည်ပရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူများအတွက် လူမှုကရုဏာအကူအညီ ပေးနိုင် သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်း ဖြစ်လာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။
(သတင်းစဉ်)


