နေပြည်တော်  နိုဝင်ဘာ  ၁၂

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ မိတ်ဆုံစားပွဲကို ယနေ့မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြ သည်။

 

မိတ်ဆုံစားပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများမိတ်ဆုံစားပွဲကို ဝန်ထမ်းများအား အသိအမှတ်ပြု၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးရသော ကဏ္ဍတစ်ခုဖြစ်သောကြောင့် ဝန်ထမ်းများအနေဖြင့် ခေတ်ကာလနှင့် လိုက်လျောညီထွေ ရှိသော နည်းပညာများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဘာသာရပ်များကို ကြိုးစားလေ့လာကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်စေရန်နှင့် တာဝန်များကို ကျေပွန်စွာကြိုးစားထမ်းဆောင်ကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုံးလုပ်ငန်းများ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲ၌ ဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင် လွှတ်တင်ပူဇော်မည့် စိန်နားပန်မီးပုံး ပြင်ဆင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး စိန်နားပန်မီးပုံးပျံပြုလုပ်နေကြသည့် မီးပုံးပျံပညာရှင်နှင့် အဖွဲ့ဝင်များကို နှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)