နေပြည်တော် နိုဝင်ဘာ ၁၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၂၄ ခုနှစ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာ ဘိဝံသနှင့် ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြု သည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော် မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီး ကျောင်းများသို့လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနော်ရထာခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော် နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး သန်လျင် မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကထိန်ခံ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းကံဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇဝနထံ ကထိန်လျာသင်္ကန်းကို လည်းကောင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန် သင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကောင်စီ ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီးတို့က ရေဆင်းကံဦး ကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရေဆင်းကံဦး ကျောင်းတိုက်မှ ဆရာတော်နှစ်ပါးတို့က ကထိန်အမေး၊ အဖြေများကို ဆောင်ရွက်တော် မူကြသည်။
ယင်းနောက် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ကြီးထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင် ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြ သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ် များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ၏ ၂၀၂၄ ခုနှစ် မိသားစု မဟာ ဘုံကထိန် အလှူတော် အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များကို နိုဝင်ဘာ ၁၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည် ခဲ့သည်။
ယနေ့ကျင်းပသော ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစု မဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင်စုစုပေါင်း အပင် ၉၀၊ ပစ္စည်း တန်ဖိုးငွေ ၁၃၆၂၉၃၃၉၅ ကျပ်နှင့် ငွေသားတန်ဖိုးငွေကျပ် ၁၀၆၉၈၅၀၁၀ ဖြစ်သဖြင့် စုစုပေါင်းတန်ဖိုးငွေ ၂၄၃၂၇၈၄၀၅ ကျပ်ကို လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာဘုန်းတော် ကြီးကျောင်းများသို့ ရုံး၊ ဌာနများအလိုက် မော်တော် ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


