ညောင်ဦး    နိုဝင်ဘာ    ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုးခဲ့သည့် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။  

 

"ဒီနှစ် မိုးရွာသွန်းမှုကောင်းမွန်ခဲ့လို့ ကျွန်တော်တို့ ညောင်ဦးမြို့နယ် အညာကျေးလက်ဒေသတွေမှာ တောင်သူ တွေသီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုးခဲ့တဲ့ ပဲစင်းငုံသီးနှံစိုက်ခင်းတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် အောင်မြင်ဖြစ်ထွန်းမှု ကောင်းမွန်ပါတယ်။ ပဲစင်းငုံသီးနှံက သက်တမ်းရှည်သီးနှံဖြစ်တဲ့အတွက် တောင်သူတွေက သီးနှံအပိုဝင်ငွေရရှိအောင် သုံးလပင်ထောင်မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ဖူးစားပြောင်း စတဲ့ သီးနှံများနဲ့ သီးထပ်သီးညှပ် ရောနှောစိုက်ပျိုး ကြပါတယ်။ တွဲဖက်စိုက်ပျိုးတဲ့ သီးညှပ်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ပဲစင်းငုံသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းစေရန် ပေါင်းရှင်းခြင်း၊ မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားရောဂါ ကျရောက်မှုကင်း ဝေးစေရန် ပိုးသတ်ဆေးနှင့် အပင်အားဆေးများ ပက်ဖျန်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြရပါတယ်။ ပဲစင်းငုံသီးနှံက စိုက်ပျိုးပြီး သက်တမ်း()လခန့်ကြာပါက သီးနှံရိတ်သိမ်းခြွေလှေ့ရပါတယ်။ ယခုနှစ်မှာ မိုးရွာသွန်းမှုကောင်းခဲ့လို့ ပဲစင်းငုံသီးနှံစိုက်ခင်းတွေက အသီးအပွင့်များနဲ့ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး အထွက်နှုန်းလဲကောင်းမွန်မှာပါ။ ဒါ့ကြောင့် ပဲစင်းငုံသီးနှံစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့ချိန်မှာ ဈေးကောင်းရရှိဖို့ မျှော်လင့်မိပါတယ်"ဟု ညောင်ဦးမြို့နယ် ဆင်လူးအိုင်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

 

ညောင်ဦးမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်စေရေးနှင့် ဒေသတွင်း သီးနှံစိုက်ပျိုးစွမ်း တိုးတက်မြင့်မားစေရေးအတွက် ပဲစင်းငုံသီးနှံ အပါအဝင်၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲကြီး၊ ပဲလွမ်း  စသည့် ပဲမျိုးစုံသီးနှံစိုက်ပျိုးခြင်းအား တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူ များကို ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီပေးခြင်း၊ သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ကိုယ်တိုင်မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နိုင်ရေး သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ် ရေးနှင့် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ အသိပညာပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)