မန္တလေး နိုဝင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။

 

ဦးစွာ မဟာအောင်မြေမြို့နယ် စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း အုပ်ချုပ်သူ ဆရာမကြီး ဒေါ်ခင်ယုယုသိန်းက အမှာစကားပြောကြားပြီး မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုတများရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာလိုစိတ်နှင့် ကျောင်းစာကြည့်တိုက်/ ပြည်သူ့စာကြည့်တိုက်များကို အသုံးပြုလိုစိတ်ရှိလာစေရန်၊ စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာ‌ပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ စာဖတ်ခြင်းဖြင့် စာဖတ်သက်ရင့်သန်လာမှုနှင့်အတူ အတွေးအခေါ်ကောင်းများရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာများ ထက်မြက်ဖွံ့ဖြိုးရင့်သန်လာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်‌ရေးရာ အသိပညာ‌ပေးဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက ပညာ၏တန်ဖိုးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောသည်။

 

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာနှင့် က‌လေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)