နေပြည်တော် နိုဝင်ဘာ ၁၃
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ် ကောင်စစ်ဝန် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ချူရှုံ့ပြည်နယ်ခွဲများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြသည်။
ကြည့်ရှုလေ့လာ
မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၁၂ ရက် ယမန် နေ့ ညနေပိုင်းတွင် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် သက်မွေးပညာ လူငယ် သင်တန်းကျောင်း ဒီဂရီကောလိပ်သို့ သွားရောက်လေ့လာသည်။
ယနေ့ နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ် ချူရှုံ့ပြည်နယ်ခွဲ ယောင်အန်းခရိုင်ရှိ “အရှေ့တိုင်း နှင်းဆီတောင်ကြား” လယ်ယာ စိုက်ပျိုးရေးဥယျာဉ်သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကြပြီး တျန်းယွင်၊ ယွမ်ရှို့၊ ရှု့ချို၊ ထျန်းလန် စသည့် တရုတ်ဂန္ဓမာပန်း၊ ထာဝရပန်းနှင့် နှင်းဆီပန်းများအား ဖန်လုံအိမ် ခေတ်မီစိုက်ပျိုးရေး နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တရုတ်ပြည်တွင်းနှင့် ပြည်ပသို့ ကူမင်းနိုင်ငံတကာ ပန်းမန်စင်တာမှတစ်ဆင့် ပို့ဆောင်ဖြန့်ချိမှု၊ မြေယာ ရှုခင်းအလှဆင် နှင်းဆီပန်းပျိုးပင်များအား ခေတ်မီစိုက်ပျိုးရေး နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု၊ ခေတ်မီ စက်မှုလယ်ယာစိုက်ပျိုး ရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ချေးငွေများ ထုတ်ပေးပြီး မတည်ဆောင်ရွက်ပေးမှု အခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကွမ်းလုရှေးမြို့ ဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ပြီး ရှေးဟောင်းအမွေ အနှစ် အဆောက်အအုံများနှင့် အသုံးအဆောင်များ ထိန်းသိမ်းထားရှိမှု၊ ပြည်တွင်း/ပြည်ပ ခရီး သွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ရိုးရာအဆိုအကတို့ဖြင့် ဧည့်ခံဖျော်ဖြေ
ထိုမှတစ်ဆင့် ချူရှုံ့မြို့သို့ ဆက်လက်သွားရောက်ကြပြီး ဝန်ဆောင်မှုစင်တာတွင် ချူရှုံ့ ပြည်နယ်ခွဲ တာဝန်ခံက ညစာ စားပွဲနှင့်အတူ ရိုးရာအဆိုအက တို့ဖြင့် ဧည့်ခံဖျော်ဖြေရာ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း ပြန်လည်သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မြနန္ဒာတေးသီချင်းဖြင့် စုပေါင်း၍ ပျော်ရွှင်စွာသီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။
ညပိုင်းတွင် ထိုက်ယံလိ ပန်းခြံရင်ပြင်နှင့် တရုတ်- ယွီ တိုင်းရင်းသားတို့၏ နေပြက္ခဒိန် ဆိုင်ရာနှင့် နက္ခတ်တာရာပြတိုက် ကို သွားရောက်လေ့လာကြသည်။
အဆိုပါ ရင်ပြင်ပန်းခြံတွင် ပြည်သူများနှင့် ခရီးသွားဧည့်သည် များ ပျော်ရွှင်အေးချမ်းစွာ အပန်း ဖြေ သီဆိုကခုန်၊ ကစားနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ယင်းနေရာတွင် ပြည်နယ်ခွဲအတွင်း ရင်းနှီးခင်မင်စွာ နေထိုင်ကြသော တရုတ်တိုင်းရင်းသား လူမျိုးစုခြောက်မျိုး အတွက် ကိုယ်စားပြုပန်းအိုးကြီး ခြောက်လုံးအား အလယ်တွင် ဗဟို ပန်းအိုးကြီးတစ်လုံး ထည့်သွင်း၍ တင့်တယ်ခမ်းနားစွာ ပြုလုပ်ထား ရှိပြီး နှစ်စဉ်စုပေါင်း ပျော်ပွဲရွှင်ပွဲနှင့် ဆုတောင်းပွဲကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပကြကြောင်း၊ ပြတိုက်တွင်လည်း တရုတ်-ယွီ တိုင်းရင်းသားရိုးရာ နေပြက္ခဒိန်ကို ကမ္ဘာ့အစောဆုံး ပြက္ခဒိန်ငါးခုတွင် စတင်၍ ခေတ်ပြိုင်ပါဝင်တီထွင် အသုံးပြုနိုင်မှုအား ရုပ်ပုံ/ ရုပ်တု၊ ရှေးဟောင်း ပစ္စည်းများဖြင့် ဆင်ယင်ပြသထားရှိသည့်အပြင် ယင်းနှင့်သက်ဆိုင်သည့် မိရိုးဖလာ ဒဏ္ဍာရီကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း၊ အဆိုပါ ပန်းခြံရင်ပြင်နှင့် ပြတိုက်ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အကြီးစားပြုပြင် မွမ်းမံကာ နှစ်စဉ်လည်းပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ချူရှုံ့မြို့ရှိ တျန်းမှိုဘုရင် GPX Hotel ၌ ညအိပ်ရပ်နားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


