တပ်ကုန်း နိုဝင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် ပဲသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးနှင့်အခြားပဲ စုစုပေါင်း ၁၆၃၇၀ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ဒေသခံတောင်သူများ ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ပဲသီးနှံ မျိုးစုံထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ နှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ပဲသီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ပဲသီးနှံများ အရည်အသွေးကောင်းရရှိရေး၊ အထွက်နှုန်းရရှိရေး၊ နည်းပညာရပ်များ ရယူသုံးစွဲနိုင်ရေးနှင့် စျေးကွက်ဝင် ပဲသီးနှံများကို စိုက်ပျိုးကြရေးကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်ကုန်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲသီးနှံများ လျာထားစိုက်ပျိုးမှုအနေဖြင့် ပဲတီစိမ်း ၄၀၂၅ ဧက၊ မတ်ပဲ ၁၅၇၅ ဧက၊ ကုလားပဲ ၈၂၀ ဧက၊ ပဲကြီး ၉၇၂၀ ဧကနှင့်အခြာပဲ ၂၃၀ ဧက၊ စုစုပေါင်း ၁၆၃၇၀ ဧကစိုက်ပျိုးမည်ဖြစ်ပြီး၊ မြို့နယ်အတွင်းသာမက ပြည်တွင်းပဲသီးနှံ ဖူလုံရေးအတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


