ရန်ကုန် နိုဝင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုဈေးရောင်းပွဲတော်များနှင့် ပြပွဲများ ကျင်းပခြင်းကြောင့် နိုင်ငံ၏စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများသည် အဓိကမောင်းနှင်အား ဖြစ်သည့်အလျောက် MSME လုပ်ငန်းများ ထူထောင်လုပ်ကိုင်မှုကို အားပေးရန်လိုအပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်ဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု၍ ဝယ်ယူအားပေးကြ​သည်။

 

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကြီးအား ယနေ့မှ နိုဝင်ဘာ ၁၆ ရက်အထိ (၃)ရက်တိုင်တိုင် နေ့စဉ်နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်​ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၅၅၄)ခန်း ပါဝင်ပြသ ရောင်းချလျက်ရှိသည်။

 

ထို့ပြင် လုံခြုံရေးကိုလည်း စနစ်တကျစီစဉ်ထားပြီး မီးပုံးပျံလွှတ်တင် အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

 

‌အောင်မြင့်(ပြန်/ဆက်)