နေပြည်တော် နိုဝင်ဘာ ၁၄
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဉီးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မြန်မာဘာသာ စကားနှင့်စာပေကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာနှင့် တိုင်းရင်းသားဘာသာ စကားများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်အတွက် အေအိုင်နည်း ပညာအကူအညီနှင့် ကိုယ်ပိုင်ဆိုက်ဘာ ပလက်ဖောင်း(Cyber platform)များ ဖန်တီးရေးသည် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်လာပါကြောင်း၊ စီမံကိန်းက ထွက်လာသည့် ရလဒ်များသည် မြန်မာစာအရေးအသား မှန်ကန်စေရေးအတွက် အထောက်အကူ ဖြစ်မည့် spell checking ၊ text prediction စသည့် အက်ပလီကေးရှင်းများကို ဖန်တီးတီထွင်နိုင်ပြီး ရုံးများ၊ ကျောင်းများ သာမက အများပြည်သူတွေ အတွက်လည်း အကျိုးများစေမည်ဖြစ်ပါကြောင်း၊ စီမံကိန်းမှ ရရှိလာသည့် အဆင့်မြင့် နည်းပညာ ရလဒ်များသည် နိုင်ငံတော်၏ဒစ်ဂျစ်တယ် စီးပွားရေးနှင့် E-Governance ကွန်ယက်များကို အဆင့်မြှင်တင်ပေးရန်အတွက် အထောက်အပံ့ကောင်း တစ်ခု ဖြစ်လာရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းက စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံကိန်းဒါရိုက်တာ AI နည်းပညာရှင် ဒေါက်တာတင်ဖုန်းကျော်က စီမံကိန်းတိုးတက်အောင် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် NLP ဌာန ပါမောက္ခ ဒေါက်တာဝင်းပပက နည်းပညာလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး၊ ဘာသာဗေဒလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန့်စင်အေးက ဘာသာဗေဒလုပ်ငန်းဆိုင်ရာ ရှင်းလင်း တင်ပြပြီး ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ပညာရှင်ကြီးများ၊ တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနတို့မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


