နေပြည်တော် နိုဝင်ဘာ ၁၄

(၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်း ကျောင်း၊  Theater ခန်းမ၌  ကျင်းပသည်။

ဉီးစွာ ကျန်းမာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးပါ မောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆီးချိုသွေးချို ရောဂါသည် အရွယ်မတိုင်မီသေဆုံးမှု(Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ(၁ဝ)ဦးလျှင် (၁)ဦးခန့်တွင် ဆီးချိုသွေးချို ဖြစ်ပွားနေကြောင်းနှင့် နောင်လာမည့် ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့် တက်လာမည်ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)၏ အချက်အလက်များ အရသိရှိရကြောင်း၊ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Empowering Global Health” ဖြစ်ပြီး “အားလုံး သက်ရှည်ကျန်းမာဖို့၊ ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းလို့၊ ပူးပေါင်း လက်တွဲဆောင်ရွက်စို့”ဟု မြန်မာဘာသာ ပြန်ဆိုထားပြီး ဆီးချို သွေးချိုရောဂါ အန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထားပြီး ရောဂါကာ ကွယ်ကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းဆိုင်ရာ အခြေခံအရေးကြီးသည့် အချက်များကို ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထုကို အသိပညာပေးရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို ဆေးပညာရှင်များနှင့် ပြည်သူလူထုစုပေါင်းအားဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ ဆီးချိုသွေးချို ရောဂါ ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီစေရေးအတွက် ကျေးလက်ကျန်း မာရေး ဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သော အခြေခံ ဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင်ဆေးခန်း (၇,၅၁၆)ခု ဖွင့်လှစ်ထားရှိကြောင်း၊ ဆီးချိုသွေးချို ရောဂါဝေဒနာရှင် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝ သည့် ကုသမှုရရှိစေပြီး နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဆီးချို သွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်မားစေရန်အတွက် ဆီးချိုသွေးချိုပညာပေး ကုသဌာန(Center of Excellence for Diabetes)များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီး(၄)ခုနှင့် မကွေးပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းပြောကြားသည်။

ယင်းနောက် (၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဗွီဒီယိုပြသပြီးပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လှည် ကြည့်ရှုသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ ဟော်မုန်းရောဂါအထူးကုဆေးပညာရှင်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အစီအစဉ်တစ်ရပ် အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဆီးချိုသွေးချိုဝေဒနာရှင် ဝန်ထမ်းများ ကျန်းမာရေးစစ်ဆေးပေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်၁၀၀၀)ရှိ ဆီးချို သွေးချိုပညာပေးကုသဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်