နေပြည်တော် နိုဝင်ဘာ ၁၄

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စား လှယ် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပို့လွှတ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ယူနန်ပြည်နယ်တွင် အသုံးပြုနေမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ယူနန်ပြည်နယ်တွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ ရှိနေသည့်ကိစ္စရပ်များ၊ စွမ်းအင် ကဏ္ဍနှင့်စပ်လျဉ်းသည့် အင်ဂျင်နီယာပညာရပ်များ၊ ယူနန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်း ရှင်များကို မြန်မာနိုင်ငံ၏ အလားအလာကောင်းများရှိနေသော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်ရန် တိုက်တွန်းပေးစေလိုသည့် ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပ ရန်ဆောင်ရွက်နေသည့် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကုန်စည်ပြပွဲ (Asian Oil & Gas Equipment Exhibition) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ် (Investment Forum for Oil & Gas Sector)တွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ယူနန်ပြည်နယ်အစိုးရအနေဖြင့် ရန်ကုန်နှင့်မန္တလေးတို့တွင် Solarလျှပ်စစ်ဓာတ်အား ပေးစက်ရုံများ တည်ဆောက်ရာတွင် Grant Aid အဖြစ်ထောက်ပံ့ကူညီပေးလိုသည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးပြီး ယူနန်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်တွင်လည်း မြန်မာ-တရုတ်ပိုက်လိုင်းများမှ ရယူထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဆောင်ရွက်နေသော ယူနန်ပြည်နယ်ရှိ PETROCHINA YUNNAN PETROCHEMICAL COMPANY ၏ ရေနံချက်စက်ရုံသို့ သွားရောက်လေ့လာရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကုန်ထုတ်လုပ်မှုနည်းစဉ်များ၊ အရည်အသွေးထိန်းချုပ်မှုစနစ်များ၊ စက်ရုံပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အဆင့်မြင့် နည်းပညာ အသုံးပြုနေမှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြုလုပ်ထားသည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နည်းပညာဆိုင်ရာ အချက်အလက်များ၊ စာတွေ့လက်တွေ့ သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနိုင်ရေး ကိစ္စရပ်များ နှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ခြင်းနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ယူနန် ပြည်နယ် အစိုးရပိုင်အဖွဲ့အ စည်းများဖြစ်သော Yunnan Construction Investment Holding Group Co., Ltd. (YCIH) နှင့် Yunnan Provincial Overseas Investment Co., Ltd. (YOIC) တို့၏ အကြီးအကဲများက ရှင်းလင်းတင်ပြမှုများပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့လာရောက်၍ ဖြစ်နိုင်ချေများ လေ့လာဆန်းစစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ် နိုင်ရန်ဖိတ်ခေါ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်