ခင်လေး
တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ထူးမြတ်သောနေ့တစ်နေ့ဖြစ်သည်။ မြန်မာ တစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမလဖြစ်ပြီး ရှေးခေတ် ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုး၍ ရွတ်ဆိုခေါ်ဝေါ်ရာ၌ “တန်ဆောင်မှုန်း”ဟု ခေါ်ဝေါ်ကြသည်။ “တန်ဆောင်”မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရပြီး “မှုန်း”၏ အနက်ဖွင့်ဆို ချက်မှာ “တောက်ပစေသည်” ဟူသော အနက်ကိုယူ၍ ဆီမီးတောက်ပစေသော လ၊ ဆီမီးထွန်းညှိသောလဟု ကောက်ယူနိုင်ပေသည်။
ဗုဒ္ဓဘာသာ တရားတော်အရ တန်ဆောင်မုန်းလပြည့်နေ့ကို “သာမည ဖလအခါတော်နေ့”ဟုလည်း သတ်မှတ်ထားသည်။ သာမညသည် သာမဏေ၊ ရသေ့၊ ရဟန်းပြုလုပ်ခြင်းဟု အနက်အဓိပ္ပာယ်ရရှိသည်။ ဖလသည် အကျိုးကျေးဇူးပင်ဖြစ်သည်။ သာမညဖလသည် ရသေ့ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါသည်။
သာမညဖလအခါတော်နေ့ သမိုင်းကြောင်း
သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းသည် အဇာတသတ်မင်းကြီး၏ ဘဝဖြစ်စဉ်နှင့် ဆက်စပ်နေသည်။ သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်ညတွင် အဇာတသတ်မင်းကြီးကို သာမညဖလသုတ္တန် ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး) ဟောကြားတော် မူခဲ့သည်။ အဇာတသတ်မင်းသည် ထိုသုတ္တန်ဒေသနာတော်ကို နာကြားရပြီးနောက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရတနာသုံးပါးကို ကြည်ညိုသည့် သာသနာပြုမင်းကောင်း မင်းမြတ်ဖြစ်လာသည်ဟု သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ ဖော်ပြထားသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ရောက်လျှင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီပုထိုးများတွင် သာမညဖလ သုတ္တန်ကိုလည်း ရွတ်ဖတ်ပူဇော်ကြသည်။
ထေရဝါဒဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်အတွက် အရေးပါသော ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင်မြင်အောင် ကူညီပံ့ပိုးခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဇာတ်နိပါတ်တော်များ မပျောက်ပျက်အောင် စုစည်းသိမ်းဆည်း ထိန်းသိမ်းပေးခဲ့သည်။ ထေရဝါဒဗုဒ္ဓ ဘာသာ သာသနာတော်၏ သမိုင်း မှတ်တမ်း တိကျခိုင်မာစေရေးအတွက် အရေးပါသော သာသနာတော်နှစ်ကို သတ်မှတ်ပေးခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်ကို ပယ်ဖျက်၍ ဗုဒ္ဓမြတ်စွာ ဘုရားပရိနိဗ္ဗာန်စံတော်မူသည့် ကဆုန်လပြည့်နေ့မှစ၍ သာသနာတော်နှစ်ကို စတင်ခဲ့သည်။
အဇာတသတ်မင်းကြီး၏ အမြော်အမြင်ကြီးမားမှုကြောင့် ယနေ့ကာလတွင် သာသနာတော်နှစ်ကို ၂၅၆၈ ခုနှစ် ဟု အတိအကျပြောနိုင်၊ ရေးနိုင်ခဲ့ပေသည်။ အဇာတသတ်မင်းကြီးကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ ဖြစ်ပေါ် လာရခြင်းကို လည်းကောင်း၊ သံဃာတော်များကို ပူဇော်သည့် နေ့မြတ်အဖြစ် လည်းကောင်း ရည်ရွယ်၍ တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလအခါတော်နေ့ ကျင်းပခြင်း၏ အဓိကအနှစ်သာရဖြစ်သည်။ သာမညဖလအခါတော်နေ့နှင့် အတူ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ပံ့သကူပွဲတော်များကို ဒေသအလိုက် ထုံးစံနှင့်အညီ ပွဲအမျိုးမျိုးကျင်းပကြ သည်။
သံဃာကိုသာ ရည်မှန်းလှူဒါန်း
တန်ဆောင်မုန်းလပြည့်နေ့ရောက်လျှင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများတွင် သာမညဖလသုတ္တန်ကိုလည်း ရွတ်ဖတ်ပူဇော်ကြသည်။ ကထိန်သင်္ကန်း အလှူသည် ဗုဒ္ဓဘာသာ မြန်မာတို့ အတွက် လှူဒါန်းသင့်သော အလှူဒါန တစ်ခုဟုပင် ဆိုနိုင်ပါသည်။ “သင်္ကန်း တွင် ကထိန်၊ ကျောင်းမှာ သိမ်”ဆိုသော စကားအတိုင်းပင် ကထိန်သင်္ကန်းသည် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သံဃာကိုသာ ရည်မှန်းလှူဒါန်းရခြင်းဖြစ်သည်။ “ကထိန်”သည် “ကထိန”ဟူသော ပါဠိကို မြန်မာမှုပြုကာ ပြောင်းလဲထားသော အမည်ဖြစ်သည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် ဆက်စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ကထိန်သင်္ကန်း အလှူသည် ထူးခြားသော ဝိနည်းကံနှင့် အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်သည်။ အလှူသည် မိမိအလို အလျောက်သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်သည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားရှင်နှင့် သံဃာ တော်များအား မသိုးသင်္ကန်း ကပ်လှူခြင်းကို ပြုလုပ်ကြသည်။ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရား လက်ထက်တော်ကတည်းကပင် ရှိခဲ့သည်။မိထွေးတော်ဂေါတမီ အမှူးပြုသည့် နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုးခြင်း၊ ရက်ကန်းစင်တွင် ရက်လုပ်၊ သင်္ကန်းချုပ်ခြင်း လုပ်ငန်းတို့ကို ညတွင်းချင်း အပြီးဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ နံနက် ၅ နာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း(ကထိန်င်္ကန်း) ဆက်ကပ်လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ တန်ခိုးကြီးဘုရားများတွင် ရက်ကန်းစင်များဖြင့် ပြည့်လျက်ရှိပြီး မြတ်စွာဘုရားရှင်အား ရည်စူး၍ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းကြသည်။ တန်ဆောင်မုန်းလပြည့်နေ့ည မကျော်လွန်မီအချိန်အတွင်း အပြီးရက်လုပ် ရသောကြောင့် “မသိုးသင်္ကန်း” ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။
တန်ဆောင်မုန်း လပြည့်နေ့သည် သာမညဖလအခါတော်နေ့ဖြစ်ပြီး သံဃာတော်တို့၏ ဂုဏ်တော်များကို သီကျူးတော်မူခဲ့သော နေ့မြတ်အခါလည်းဖြစ်သည်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မိုက်မှားလမ်းလွဲနေသော အဇာတသတ် မင်းအားရည်စူး၍ သင်ခန်းစာပေးခဲ့ပါသည်။ ထို့ကြောင့် တန်ဆောင်မုန်း လပြည်နေ့ကို “သံဃာတော်နေ့” ဟုလည်း သီးခြားသတ်မှတ်ကာ ပူဇော်ခဲ့ပါသည်။ ထို့အပြင် ကြတ္တိကာနက္ခတ်စောင့် နတ်သားသည် တန်ဆောင်မုန်းလပြည့်နေ့တွင် လူ့ပြည်သို့ ဆင်းသက်လာသည်ဟုလည်း ယုံကြည်သက်ဝင်ကြသည်။ ထို့ကြောင့် ရှေးယခင်က မင်းနှင့် ပြည်သူတို့သည် ထိုနတ်သားကို ဆီမီးထွန်းညှိ ပူဇော်ခဲ့သည်ဟုဆိုသည်။
ဆေးပေါင်းခသည့်ည
ကြတ္တိကာနက္ခတ် စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့် နတ်အပေါင်းတို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်ဟု ဆိုသည်။ ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်း ယုံကြည် ယူဆလျက် မဲဇလီဖူးသုပ်ကာ ဝေငှလှူဒါန်းမှုများပြုကြသည်။ တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် ဝေငှစားသောက်ကြသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ပင်ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့် ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အစွမ်းထက်ဆုံး၊ အမြင့်မား ဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်းဆေး ဆရာကြီးများသည် ဆေးဝါးမျိုးစုံ ဖော်စပ်လေ့ရှိကြသည်ဟု ဆိုသည်။
မြန်မာတိုင်းရင်းသားများသည် တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ပွဲ အလှူဒါနများကိုလည်း ပြုလုပ်ကြသည်။ ပံ့သကူဟူသော ဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ”မှ ဆင်းသက်လာခြင်းဖြစ်သည်ဟုဆိုသည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်ဘဲ လူအများကွယ်ရာတွင်ဖြစ်စေ၊ ညအမှောင်ချိန်တွင်ဖြစ်စေ ချထားခြင်း ဖြစ်သည်။ ထိုအလှူသည် အလှူခံမရွေး၊ လူပုဂ္ဂိုလ်မရွေးလှူရသော ဒါနဖြစ်၍ အလွန်စင်ကြယ်ကြောင်း၊ အလွန်ကြီးမြတ်သည့် အကျိုးများရရှိစေကြောင်း ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှိစဉ် အခါကပင် ယူဆကြပါသည်။
တန်ဆောင်မုန်းလပြည့်နေ့ညတွင် ကောင်းကင်ယံ၌ မိုးတိမ်ကင်းစင်ပြီး ကြယ်တာရာများစုံညီစွာ ထွန်းလင်းတောက်ပလေ့ရှိသည်။ ထိုသို့ မိုးလေ ကင်းလွတ်သောညချမ်းတွင် ဗုဒ္ဓအလောင်းတော်၏ ဆံတော်ကိုဌာပနာပြီး တာဝတိံသာ နတ်ပြည်တွင် တည်ထားသည့် စူဠာမဏိစေတီတော်ကို ရည်မှန်းကာ ဗုဒ္ဓါနုဿတိ ပွားများလျက် ဆီမီးများဖြင့် ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။ ရှေးအခါက မြန်မာလူမျိုးတို့သည် နတ်ပြည်ရှိ စူဠာမဏိစေတီအား ဆီမီးပူဇော်သည့် အဓိပ္ပာယ် ပေါ်လွင်ထင်ရှားစေရန် မြင့်မားသော နေရာများပေါ်တွင် ဆီမီးထွန်းညှိ ပူဇော်လေ့ရှိကြသည်။ ထိုသို့ပူဇော်ခြင်းကို ဦးအောင်ကြီး၏ တန်ဆောင်မုန်းလ ဘွဲ့လူးတားတွင်“ခဝဲပွင့်တုန်း တန်ဆောင်မုန်းကား မချုန်းမိုးသားတိုင်ထိပ်ဖျားတွင် ငါးပါးကျိုးရှိ မီးပွင့်ညှိ၍”ဟု ဆိုထားခြင်း ဖြစ်ပေသည်။
ထို့အပြင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများ၊ မီးရှူးမီးပန်းများ ပစ်ဖောက် ခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ တောင်ကြီးမြို့၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ အစည်ကားဆုံးကျင်းပသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ မီးပုံးပျံ ပွဲတော်တွင် နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။ နေ့ပိုင်းအလှလွှတ်မီးပုံးများသည် အများအားဖြင့် ဘုရားပုံတော်များ၊ တိရစ္ဆာန် ရုပ်ပုံများဖြင့် မီးပုံးများပြုလုပ်ပြီး ကောင်းကင်သို့ လွှတ်တင်ကြသည်။
ညလွှတ်မီးပုံးပျံများတွင်မူ ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိသည်။ ညမီးကြီးမှာ မီးပုံးပျံအောက်တွင် ယမ်းခွေပါဝင်ပြီး မီးပုံးပျံ ပျံတက်သည့်ကာလ အတွင်း မီးရှူးမီးပန်းများ ပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြသည်။ စိန်နားပန်မှာမူ မီးပုံးပျံအပြင် ကိုယ်ထည်ပေါ်နှင့် အောက်ဆွဲတွင် မီးပုံးအရောင် အမျိုးမျိုးဖြင့် ရုပ်ပုံများသော်လည်းကောင်း၊ စာလုံးများသော်လည်းကောင်း ပုံဖော်ကာလွှတ်တင်ကြသည်။ မိမိတို့ နေအိမ်များတွင်လည်း မြတ်စွာဘုရားကို ရည်မှန်း၍ ဆီမီးပူဇော်လှူဒါန်းကြပါသည်။
နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း ကျင်းပ
ထို့အပြင် တန်ဆောင်မုန်းလတွင် နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း ကျင်းပကြသည်။ နိဗ္ဗာန်ဈေးပွဲတော်ဆိုသည်မှာ အလှူပေးသည့် ဈေးပွဲတော်တစ်ခုဖြစ်သည်။ လှူချင်သူများသည် မိမိလှူလိုသည့် ပစ္စည်းမှန်သမျှကို ပေးဝေသည့် အလှူမျိုးဖြစ်သည်။ နိဗ္ဗာန်ဈေးကို တန်ဆောင်မုန်းလပြည့်နေ့နှင့် လပြည့်ကျော်ရက်များတွင် မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိကြသည်။
တန်ဆောင်မုန်းလတွင် ပေါ်ထွန်းသော ကြတ္တိကာနက္ခတ်ကို “သူခိုးနက္ခတ်” ဟု နက္ခတ်ပညာရှင်တို့က ယူဆကြသည်။ ထို့ကြောင့် “ကျီးမနိုးပွဲ” ပြုလုပ်ကြပါသည်။ နံနက်ကျီးမနိုးမီ အိမ်ရှင်တို့ မသိစေဘဲ အလွယ်တကူသယ်ယူနိုင်သော ပစ္စည်းများကို ခိုးယူ၍ လမ်းမတွင် စုပုံ ထားခြင်း၊ ဆိုင်းဘုတ်တစ်ခုနှင့်တစ်ခု လဲချိတ်ကြခြင်း စသည်ဖြင့် ရယ်မော ပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးကြသည်။ လူငယ် လူရွယ်တို့ ပျော်ရွှင်မှုပြုလုပ်ကြခြင်းဖြစ်သည်။ သို့သော် ပျော်ရွှင်မှုမလွန် ကဲစေရန် သတိထားကြရမည်ဖြစ်သည်။
တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်းစိုး”ဟု ကင်းဝန်မင်းကြီး က သံပေါက်လင်္ကာဖြင့် ဖွဲ့ဆိုခဲ့သည်။ တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အဝေါ် အရ ဗြိစ္ဆာရာသီဟု ခေါ်ကြသည်။ ရာသီ ရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။
“ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်း”
“ခဝဲပွင့်ချိန်၊ ခင်းကထိန်”
“ခဝဲလှိုင်လှိုင်၊ တန်ဆောင်တိုင်” ဟူ၍ ရှေးစာဆိုကြီးများက စပ်ဆိုကြပါသည်။
ရာသီဥတုသာယာကောင်းမွန်သည့် တန်ဆောင်မုန်းလတွင် အိုးစည်ဒိုးပတ်သံ ညံမစဲ စည်ကားလျက်ရှိပြီး တန်ဆောင်တိုင် ပွဲတော်နှင့် တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင်တို့အား ရဟန်းပြုခြင်း၏ အကျိုးတရားများကို အမှတ်ရအောင် သတိပေးနေသည့် လတစ်လပင် ဖြစ်ပေသည်။ ။