၆ မတ်


ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး  လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း အေဂျက်စ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို စပါးအသင်းမှာ ဒေါ့မွန်အသင်းကို အနိုင်ကစားပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ 


ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက် ရရှိထားသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် အိမ်ကွင်း၌ အေဂျက်စ် အသင်းကို ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုး လေးဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ အေဂျက်စ်အသင်းမှာ ပွဲချိန် ၇ မိနစ်မှာပင် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ယင်းဂိုးကို ဇီယက်ရှ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၁၈ မိနစ်မှာ နီရက်စ်က အေဂျက်စအသင်းအတွက် ဒုတိယဂိုးထပ်မံသွင်းယူပြီး ပထမပိုင်းမှာ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ 


ဒုတိယပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ချေပဂိုးပြန်လည်ရရှိရေးအတွက် ကြိုးစားကစားခဲ့သော် လည်း ပွဲချိန် ၆၂ မိနစ်တွင် တာဒစ်က အေဂျက်စ်အသင်းအတွက် တတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၇၀ မိနစ်တွင် အဆန်စီယိုက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သော် လည်း နောက် နှစ်မိနစ်အကြာ ပွဲချိန် ၇၂ မိနစ်မှာပင် လက်ဆာရူးနားက ပြစ်ဒဏ်ဘောကတစ်ဆင့် စတုတ္ထဂိုးကို တိုက်ရိုက်ကန်သွင်းယူခဲ့သည်။ 


ပွဲအပြီးတွင် အေဂျက်စ်အသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ 


ဒေါ့မွန်အသင်းနှင့် စပါးအသင်းတို့၏ ပွဲစဉ်မှာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် စပါးအသင်းက  တိုက်စစ်မှူး ဟာရီကိန်း၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် တစ်ဂိုး ဂိုးမရှိရလဒ်နှင့် အနိုင်ရရှိခဲ့သည်။ စပါးအသင်းမှာ ပထမကျော့တွင် ဒေါ့မွန်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသလို ယခုပွဲစဉ်တွင် အိမ်ရှင် ဒေါ့မွန်အသင်း ကစားပုံကောင်းမွန်မှုကြောင့် စပါးအသင်း အခက်တွေ့ခဲ့ရသော်လည်း ဟာရီကိန်း၏ ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်တွင် သွင်းယူခဲ့သည် ဂိုးဖြင့် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ 


MDN

 

1