နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ H. E. Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ ဘူရားတီးရားပြည်နယ် ဒုတိယအကြီးအကဲ၊ ကျန်းမာရေးဝန်ကြီး Mrs. Ludu-pova Evgeniia Iurevne နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်သည် မိမိတို့နိုင်ငံနှင့် ထူးခြားသော ဆက်ဆံရေးရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်လည်ပတ်မှုအတွက် ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဘူရားတီးရား ပြည်နယ်အစိုးရဥက္ကဋ္ဌက ယခုကဲ့သို့ သာယာလှပသည့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရသည့်အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ လာရောက်လည်ပတ်သည့် အချိန်တွင်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများကို များစွာခံစားမိပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလည်ပတ်ချိန်များ၌လည်း မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် မြန်မာပြည်သူများ၏ ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုမှုနှင့် အထူးဧည့်ဝတ်ကျေပွန်မှုများကိုလည်း မြင်တွေ့ရသည့်အတွက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးနွေးထွေးသောဆက်ဆံရေးရှိသည့် ခံစားမှုများကို ရရှိပါကြောင်း ပြောကြားသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် စပါး၊ ဆီထွက်သီးနှံနှင့် ပဲများကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများ တည်ဆောက်လျက်ရှိသည့် အခြေအနေများ၊ ဆီထွက် သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှု တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက် ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့် အခြေအနေများ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးမှုတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စက်မှုကုန်ထုတ် လုပ်ငန်းများတွင် နည်းပညာ မြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတော်သင်များ စေလွှတ်ရေးနှင့် ပညာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် သည့်ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရောက်ရှိနေချိန်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် အထင်ကရနေရာများ၊ ဧရာဝတီ တိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ပြီး ဆက်လက်၍လည်း မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


