နေပြည်တော် နိုဝင်ဘာ ၁၅

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါ တော်နေ့) ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပကြသည်။

အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူ၍ ကထိန်အလှူတော် မင်္ဂလာဆင်ယင်ခြင်း၊ ဒါနသီလဘာဝနာ ကုသိုလ်ယူ ဆည်းပူးပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်း များကို ပြုလုပ်ကြသည်။

ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွှဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင်လည်း ယနေ့ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများက စေတီတော်မြတ်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြ သည်။

အလားတူ တန်ဆောင်တိုင် မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း၌လည်း လမ်း၊ အဆောက်အအုံများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ရှုမငြီးဖွယ် ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။

“တန်ဆောင်”မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရပြီး “မှုန်း”မှာ တောက်ပသည် ဟူသော အနက်ကိုယူ၍ ဝေါဟာရပေါင်း စည်းသည့်အခါ “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုသည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများကို ကျင်းပခြင်း၊ မသိုးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်တော် လောင်းလှူခြင်းများ ပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ထွန်းညှိပူဇော်ဖူးမြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည့်အပြင် ညပိုင်းတွင် မဲဇလီ ဖူးသုပ်ဒါနပြုကြသူများ၊ ပံ့သကူအလှူပြုကြသူများ၊ ပံ့သကူအလှူ ကောက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်လျက်ရှိသည်ကို တွေ့ရသည်။

အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများဖြင့် အထူးစည်ကားလျက်ရှိကာ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယကို အများပြည်သူများအနေဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်