နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Alexey Sambuevich Tsydenov နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာလာရောက် ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ကြသည်။
ယင်းနောက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး သဒ္ဓါဓိပတိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အခမ်းအနားကျင်းပမည့် နေရာသို့ရောက်ရှိကြရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကြိုဆိုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့က စိန်နားပန်မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကျည် (ညမီးကြီး) မီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ရုရှား - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် မြတ်ရောင်ခြည် စိန်နားပန်မီးပုံး ပျံလွှတ်တင်မှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါမြတ်ရောင်ခြည် စိန်နားပန်မီးပုံးပျံ၏ ကိုယ်ထည်တွင် ကနုတ်ပန်းခက်များ၊ ကြာပန်းခက်များ၊ ကြာပန်းခက်များ၏ အပေါ်တွင် မြတ်ရောင်ခြည်စာသားကို အပြာရောင်ဖြင့် ရေးဆွဲထားပြီး မီးပုံးပျံ၏ အောက်ဆွဲတွင် ကြာပန်းပုံနှင့် ဘူရားတီးရားစာသားကို မီးပုံး ရောင်စုံများဖြင့် လှပစွာချိတ်ဆွဲ ထားရှိသည်။
မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများနှင့် ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ကြည့်ရှုလေ့လာ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့သည် ကျောက်စာရုံစေတီတော်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်စည်းကမ်းအကောင်းဆုံးဆု၊ အဖွဲ့လိုက် ချိတ်ဆက်ယှဉ်ပြိုင်မှု အကောင်း ဆုံးဆု၊ အဖွဲ့လိုက်ချုပ်ရိုးချုပ်သား အကောင်းဆုံးဆု၊ အဖွဲ့လိုက် ရက်လုပ်ထားသော သင်္ကန်းအထည်သား တည်ဆောက်မှု အကောင်းဆုံးဆု၊ အဖွဲ့လိုက်ရက်ကန်းစင် ကိုင်တွယ်အကောင်းဆုံးဆုတို့ကို ကောင်စီဝင်များက အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပဉ္စမဆုရရှိသည့် နေပြည်တော်ကောင်စီ ကိုယ်စားပြုအသင်းအား ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် ကချင်ပြည်နယ် ကိုယ်စားပြုအသင်းအား ကောင်စီတွဲဖက် အတွင်းရေးမှူးကလည်းကောင်း၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ကောင်စီအတွင်းရေးမှူးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု၊ စက္ခုပသာဒ အကောင်းဆုံးဆု၊ ဆန်းသစ်တီထွင်အရောင်စုံလင်မှု အကောင်းဆုံးဆု၊ မီးပုံးပျံ အတက်အကောင်းဆုံးဆု၊ အတက်စံချိန်အကောင်းဆုံးဆု၊ မီးပုံးပျံ ပုံသဏ္ဌာန် အလှပဆုံးဆု၊ မှိုင်းခံစံချိန် အကောင်းဆုံးဆုရရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အသင်းများအား ကောင်စီအဖွဲ့ဝင်များက ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား ကောင်စီအတွင်းရေးမှူးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စားပြု အသင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိ
သည့် ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ညမီးကျည် (ညမီးကြီး) မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် စည်းကမ်းလိုက်နာမှုအကောင်းဆုံးဆု၊ စက္ခုပသာဒ အကောင်းဆုံးဆု၊ ဆန်းသစ်တီထွင် မှုအကောင်းဆုံးဆု၊ မီးပုံးပျံအတက် အကောင်းဆုံးဆု၊ အတက်စံချိန် အကောင်းဆုံးဆု၊ မီးပုံးပျံပုံသဏ္ဌာန် အလှပဆုံးဆု၊ မှိုင်းခံစံချိန် အကောင်းဆုံးဆုရရှိကြသည့် ဝန်ကြီးဌာန ကိုယ်စားပြုအသင်းများအား ကောင်စီအဖွဲ့ဝင်များက ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား ကောင်စီအတွင်းရေးမှူးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ခင်မင်ရင်းနှီးစွာနှုတ်ဆက်
ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနက ဇာတ်တော်ကြီးဖြင့်လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင် ဖျော်ဖြေမှုတို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ရဟန်းရှင်လူ ပြည်သူများကလည်း စည်ကားသိုက်မြိုက်စွာဖြင့် လာရောက် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


