နေပြည်တော် နိုဝင်ဘာ ၁၅

နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် တရုတ် - မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ် ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် မှစ၍ လေ့လာရေးခရီးစဉ် သွားရောက်ရာ ယမန်နေ့က ချူရှုံ့ပြည်နယ်ခွဲရှိ ရွှမ်းပေါ်ခရိုင် မီဒီယာစင်တာ၊ ချားမူ သဘာဝ အပန်းဖြေပန်းဥယျာဉ်၊ ရင်ပြင်၊ ချူရှုံ့မြို့ရှိ တရုတ် - ယွီ တိုင်းရင်းသားရိုးရာ ချည်ထိုးလုပ်ငန်း စင်တာနှင့် ကူမင်းမြို့ရှိ ထရန်းချီ တောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေများသို့ သွားရောက်လေ့လာကြသည်။

ကြည်ရှုလေ့လာ

ဦးစွာ ရွှမ်းပေါ်ခရိုင် မီဒီယာ စင်တာသို့ရောက်ရှိကြရာ ၎င်းတွင် ၂၀၁၈ ခုနှစ်မှစ၍ အင်တာနက် အသုံးပြု၍ Online News Media စင်တာတည်ထောင်ပြီး ထုတ်လွှင့်ခဲ့သည့်အပြင် အခြားလူမှုမီဒီယာများမှလည်း ဖြန့်ခွဲလွှင့်တင်နေမှု၊ စတူဒီယို တစ်ခန်းတည်းဖြင့် ဆက်တင်သုံးနေရာ ပြုလုပ်ထားရှိကာ စီစဉ်ရိုက်ကူးထုတ်လွှင့်နေမှု၊ သတင်းရယူ စိစစ်တည်းဖြတ်မှု လုပ်ငန်းစဉ်အတိုင်း မီဒီယာကျင့်ဝတ် လိုက်နာလုပ်ဆောင်နေမှု၊ သတင်းအကြောင်းအရာများအလိုက် ပြည်သူများကြည့်ရှုမှု အရေအတွက်ကို စောင့်ကြည့်စုစည်း၍ စိစစ်ရွေးချယ် အသုံးပြုမှု လုပ်ငန်းစဉ်အား Software ဖြင့် စနစ်တကျ ရေးဆွဲဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာကြပြီး မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် မီဒီယာစင်တာမှ တာဝန်ရှိသူများသည် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ဆက်လက်၍ ရွှမ်းပေါ်ခရိုင် ချားမူသဘာဝအပန်းဖြေ ရင်ပြင် / ပန်းဥယျာဉ်သို့ ရောက်ရှိကြရာ ၎င်းနေရာရှိ သဘာဝတောတောင်၊ သစ်ပင်၊ ပန်းပင်များနှင့် ရေကန်များအား စုဖွဲ့ထိန်းသိမ်းပြီး မြေဧရိယာ ၆၀၀၀ စတုရန်းမီတာ ခန့်တွင် ကွန်ကရစ်ရင်ပြင်၊ လမ်းနှင့် တံတားများ တည်ဆောက်၍ ပြည်သူလူထု အပန်းဖြေနိုင်ရန် စီစဉ်ထားရှိမှု၊ ရွှမ်းပေါ်ခရိုင်ရှိ တောတောင် သစ်တောများတွင် ဒေါင်းစိမ်းဒေသမျိုးရင်းကောင်ရေ ၃၀၀ ခန့်ကို သဘာဝအလျောက် ထိန်းသိမ်းထားရှိရာ ကမ္ဘာ့လက်ရှိ ဒေါင်းကောင်ရေ ၆၀၀ ခန့် ထိန်းသိမ်းထားရှိမှုအနက် တစ်ဝက်ခန့်အားထိန်းသိမ်းစောင့်ရှောက်ထားနိုင်မှု အခြေအနေများကို ဓာတ်ပုံများဖြင့် ခင်းကျင်းပြသထားမှုနှင့် ဒေသထွက်ကုန်များ ခင်းကျင်းပြသထားမှုတို့ကို လိုက်လံကြည့်ရှုလေ့လာကြသည်။

ထို့နောက် တရုတ် - ယွီ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က ရိုးရာတူရိယာများဖြင့် သီဆိုတီးမှုတ်၍ ကပြတင်ဆက်မှုကိုလည်းကောင်း၊ ကလေးငယ်နှစ်ဖွဲ့က ရိုးရာကျားသစ်အကနှင့် တူရိယာများတီးခတ်၍ ကပြတင်ဆက်မှုတို့ကို လည်းကောင်း ကြည့်ရှုအားပေးကြပြီး ကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးဝေကြသည်။

လှည့်လည်ကြည့်ရှု

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချူရှုံ့မြို့ရှိ တရုတ် - ယွီ တိုင်းရင်းသားရိုးရာ ဒစ်ဂျစ်တယ် ချည်ထိုးလုပ်ငန်းစင်တာသို့ သွားရောက်ကြပြီး ယင်းလုပ်ငန်းစုအား၂၀၂၂ ခုနှစ်က အလုပ်ရုံ ၁၃ စုဖြင့် စတင်ခဲ့ရာမှ ယခုနှစ်တွင် အလုပ်ရုံပေါင်း ၅၀၀ ကျော်အထိ တိုးတက်လာသကဲ့သို့ ဝင်ငွေရရှိမှုလည်း တိုးတက်မြင့်မားလာရာ ယခုအခါ “နေအိမ်တိုင်းမှာ ချည်ထိုးငွေရှာ” အဆိုဖြစ်လာကြောင်း၊ ၎င်းတို့အား ရှန်ဟိုင်းမှ ကုမ္ပဏီကြီးများက အဓိက

ကူညီမတည် ဖြည့်ဆည်းပေးပြီး စျေးကွက်မြှင့်တင်ပေးခဲ့ရာ ၎င်းတို့ ချည်ထိုးပုံစံနှင့် အဝတ်အထည် အမျိုးအစား၊ ဒီဇိုင်းတို့အား ရှန်ဟိုင်း၊ ပေကျင်းတို့မှတစ်ဆင့် ပဲရစ်၊ မီလန်ပြပွဲများအထိ ထိုးဖောက်နိုင်ပြီ ဖြစ်ကြောင်း သိရပြီး ဒီဇိုင်းပုံစံ၊ အဝတ်အထည်များ၊ မှတ်တမ်းဓာတ်ပုံများ၊ လက်တွေ့ချည်ထိုးပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ဖျော်ဖြေတင်ဆက်

ယင်းနောက် တရုတ် - ယွီ တိုင်းရင်းသား တိုင်းရင်းသူမော်ဒယ်များက ၎င်းတို့ ရိုးရာအား ဆန်းသစ်ထားသော ချည်ထိုးဝတ်စုံများဖြင့် ဝတ်ဆင်ပြီး ပြသတင်ဆက်ကြရာ မြန်မာ့ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က “မလေးလက်ခတ်သံ” တေးသီချင်းဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယိမ်းအဖွဲ့က “လှမ်းခဲ့ပေါ့ မန္တလာမြေ” ယိမ်းအကဖြင့်လည်းကောင်း ပါဝင်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ညနေပိုင်းတွင် ကူမင်းမြို့ရှိ ထရန်းချီ တောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လမ်းလျှောက်ခြင်း၊ မော်တော်စီးခြင်း၊ ကောင်းကင်ဓာတ်ရထားစီးခြင်းတို့ဖြင့် လာရောက်အပန်း ဖြေလေ့လာနေမှု၊ ယင်းတောင် ပေါ်ရေကန်သို့ သဘာဝဆောင်းခို စင်ရော်ငှက်များ ရောက်ရှိနေမှုနှင့် ခရီးသွားလည်ပတ်သူများက ငှက်စာကျွေးမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ထရန်းချီ တောင်ပေါ် ရေကန်အား တောင်ပေါ်ကုန်းမြင့်ဒေသတွင် မြှုပ်ထားသော တောက်ပသည့် “ပုလဲ” ဟု တင်စားခေါ်ဆိုကြကြောင်း၊ ပေကျင်းမြို့ကြီးရှိ နွေရာသီနန်းတော်နှင့် ယှဉ်တွဲနေသည့် ရေကန်ပုံစံကို အတုယူတည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါရေကန်မှာ မြောက်မှတောင်သို့ ကီလိုမီတာ ၄၀ ရှည်လျားကာ ၁၂ ဒသမ ၅ ကီလိုမီတာ ကျယ်ဝန်းပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၈၈၆ မီတာတွင် တည်ရှိကြောင်း၊ ရေကာတာနှစ်ခုဖြင့် အပိုင်းနှစ်ပိုင်းခွဲထားပြီး ကန်၏ မြောက်ဘက်စွန်းကို ချောင်ဟိုင်၊ တောင်ဘက်စွန်းကို ဝေဟိုင်ဟု ခေါ်ဆိုကြောင်း။

အရေးပါသည့်ရေကန်တစ်ခုဖြစ်

ယူနန်ပြည်နယ်ရှိ အခြားရေ ကန်များနည်းတူ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရာတွင် အရေးပါသည့် ရေကန်တစ်ခုဖြစ်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ခဲ့ကြရာ ညနေပိုင်းတွင် ရန်ကုန် မြိုသို့ ပြန်လည်ရောက်ရှိကြ

ကြောင်း သိရသည်။

သတင်းစဉ်